
ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၄ ရက်
ဧရာ၀တီတိုင်း၊ မြန်အောင်မြို့ ဧရိယာအတွင်းရှိ ဧရာ၀တီမြစ်အတွင်းတွင် စစ်ကောင်စီ က ကျောက်၊သဲ စုပ်ယူခွင့်များ ခွင့်ပြုထားခြင်းကြောင့် ကမ်းပြိုကျမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံများထံမှသိရသည်။
မြန်အောင်မြို့အမှတ်၅ရပ်ကွက်အနီးရှိ မြစ်ဧရိယာတွင် ၂၀၂၄ ဇန်နဝါရီလအတွင်းမှ စတင်ကာ မြို့နယ်စစ်ကောင်စီ၏ ခွင့်ပြုချက်ဟုဆိုကာ ကျောက်စုပ်သင်္ဘောများ နေ့စဥ် စည်းကမ်းမဲ့စွာ လုပ်ဆောင်နေခြင်းကြောင့် မိုးရာသီတွင် ကမ်းပါးများပြိုကျနိုင်ကြောင်း ဒေသခံများမှ ပြောသည်။
“ကျွန်တော်တို့စုံစမ်းရသလောက်၂၀၂၃/၂၀၂၄ ခုနှစ်အတွက် မြစ်ကျောက်လုပ်ကွက်တွေကို မချထား ပေးသေးဘူး။နောက်ပြီးကမ်းပါးပြိုကျမှုတွေဖြစ်မှာစိုးလို့မြို့နဲ့ရွာဧရိယာများမှာမြစ်သဲကျောက်ထုတ်လုပ်ခွင့်မပြုဖို့စာလဲထုတ်ထားတယ်။ ခုလုပ်နေတာတွေက မြို့နယ်စကစနဲ့လုပ်ငန်းရှင်တွေ တရားမ၀င် လုပ်နေကြတာပါ။ အမှန်တကယ် ထိခိုက်နစ်နာမှာကပြည်သူတွေပါ”ဟု မြန်အောင်မြို့ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းဆိုသူကို ဒေသခံများမှ သွားရောက် အကြောင်းကြားခဲ့သော်လည်း ယနေ့ထိ မြို့ဧရိယာအတွင်း မြစ်သဲကျောက်စုပ်ယူသည့်စက်လှေ များ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
“သဘာဝဘေးကြောင့် ကမ်းပြို့တာက တော်သေးတယ်။ အခုက ဒီလိုစည်ကမ်းမဲ့ လုပ်နေတာတွေကြောင့် ဖြစ်တာ။ ကမ်းပြိုမှ ထောက်ပံ့ကြေးပေးမဲ့အစား ဒီလို ကမ်းပြိုအောင်လုပ်နေသူတွေကို အရေးယူပေးရင် ပိုအဆင်ပြေတယ် “ဟု မြန်အောင် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာ၀တီတိုင်းတွင် နှစ်စဥ် ကမ်းပါးပြိုကျမှုဒဏ်ကိုခံစားနေရပြီး ဟင်္သာတ ၊ ဇလွန်၊ မြန်အောင် မြို့နယ်များတွင် စည်းကမ်းမဲ့ ကျောက်စုပ်သင်္ဘောများကြောင့် ကမ်းပြိုမှုများဖြစ်ပွားခဲ့ပြီး ကမ်းပြိုသည့်အတွက် နေရာရွှေ့ပြောင်းရသူများကို စစ်ကောင်စီမှ ထောက်ပံ့ကြေးပေးသည်ဆိုသော်လည်း ပြန်လည်ထူထောင်ရန် မလုံလောက်သည့်အတွက် အခက်အခဲများရှိနေကြောင်း သိရသည်။
#မြန်အောင်မြို့ #ဧရာ၀တီမြစ် #စစ်ကောင်စီ #ကမ်းပြို #Ayeyarwaddy_Times