
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ရှိ လယ်တီကုန်းကျေးရွာသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး၍ လူငယ်အမျိုးသား ခုနှစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားခဲ့ကြောင်း ကျေးရွာဒေသခံများထံက သိရသည်။
မြန်အောင်မြို့နယ်ရှိ လယ်တီကုန်းကျေးရွာအတွင်းသို့ ဖေဖော်ဝါရီ ၂ရက် ညနေ ၆နာရီဝန်းကျင်က ခလရ (၅၁)မှအင်အား၄၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ အသက်၂၀ နှစ်အရွယ်မှ အသက် ၂၅ နှစ်အရွယ်ကြားရှိ လူငယ်အမျိုးသား ခုနှစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ကျေးရွာဒေသခံများထံက သိရသည်။
“ ရွာထဲကို စစ်တပ်တွေဝင်လာပြီးတော့လူငယ်လေးတွေကိုဖမ်းသွားတယ်။ ဘာအကြောင်းလဲ ဆိုတာတော့မသိဘူး။ လူငယ်လေးတွေကို ဖမ်းပြီးတာနဲ့ ရွာထဲကနေ စစ်ကြောင်းပြန်ထွက်သွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် လယ်တီကုန်း ကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖမ်းဆီးခံထားရသည့် ဒေသခံလူငယ် ခြောက်ဦးကို ခမရ(၅၁) အတွင်းသို့ ပို့ဆောင်ခဲ့ကာ ကျန်ရှိသည့်လူငယ်အမျိုးသားတစ်ဦးကို ကညင်ဆည်ရှိ တော်လှန်ရေး အင်အားစု အဖွဲ့စခန်းများအား လိုက်လံပြသရန် အကြောင်းပြ၍ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံကသိရသည်။
အလားတူ မြန်အောင်မြို့နယ်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ကညင်ဆည်အနီးတဝိုက်တွင် တော်လှန်ရေး အင်အားစုအဖွဲ့များ ရောက်ရှိနေသည်ဟု အကြောင်းပြကာ နံနက် ၆နာရီမှညနေ၆ နာရီအထိ စစ်ကောင်စီတပ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ သွားလာခွင့် ပိတ်ပင်ခဲ့သည်။
#ဧရာဝတီတိုင်း #မြန်အောင်မြို့နယ် #လယ်တီကုန်းကျေးရွာ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #Ayeyarwaddy_Times