
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
ရက္ခိုင့်တပ်တော် (AA) က ၎င်းတို့ပစ်ချလိုက်၍ ပျက်ကျသွားသည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးအား သွားရောက်စစ်ဆေးနေသည့် ဓာတ်ပုံများကို ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ Mi -17 ဟုယူဆရသည့် အစိမ်းရောင် ရဟတ်ယာဉ်သည် တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော် (AA) တပ်မဟာ-၃ မှပစ်ချခဲ့သည့် ရဟတ်ယာဉ်ဖြစ်ပြီး ပစ်ချခဲ့သည်မှာ ရက်အတော်ကြာမြင့်ပြီ ဖြစ်ကြောင်း သိရသည်။
“ဖြစ်နိုင်ချေရှိတာကတော့ မင်းပြား ကျိန်းတောင်တိုက်ပွဲနဲ့ ရမ်းဗြဲသိမ်းတောင်တိုက်ပွဲ တစ်ခုခုထဲက တိုက်ပွဲ တစ်ခုမှာ တပ်မဟာ-၃ ကနေ ပစ်ချလိုက်တာ။ အဲဒီရက်ပိုင်းတွေတုန်းက ရဟတ်ယာဉ်ကိုပစ်ချလိုက်တဲ့ သတင်းတွေတော့ထွက်တယ်။ တပ်တော်က တရား၀င်မကြေညာတော့ ဘယ်သူမှ မသိလိုက်ဘူး”ဟု AA ၏ စစ်ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
AA က အဆိုပါရဟတ်ယာဉ်ကို မည်သည့်ရက်ပိုင်း မည်သည့်တိုက်ပွဲအတွင်း ပစ်ချခဲ့သည်ဆိုသည့် အသေးစိတ်အချက် အလက်များကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြခဲ့သည့် ရဟတ်ယာဉ် ပါဝင်ပါက တော်လှန်ရေးတပ်ဖွဲ့များသည် ယခု ၂၀၂၄ ခုနှစ် အတွင်းတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို လေး စီးအထိ ပစ်ချထား နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ် စခန်းမှ နာဖော့စစ်စခန်းသို့ ရိက္ခာ နှင့်စစ်ကူလာပို့သည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာ ရဟတ်ယာဉ်ပျက်ကျပြီး ယာဉ်ပေါ်လိုက်ပါလာသူ အရာရှိအပါအ၀င် ရှစ် ဦးလုံးသေဆုံးခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၁၆ ရက်နေ့က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ စခန်းသိမ်းတိုက်ပွဲကို ဗုံးလာကြဲသည့် တိုက်လေယာဉ်ကို KIA က ထပ်မံ ပစ်ချခဲ့ရာ တိုက်လေယာဉ်မှူးနှစ်ဦးလုံး သေဆုံးသွားကြာင်း သိရသည်။
အလားတူ ကရင်ပြည်နယ် မြ၀တီမြို့၊ သင်္ဃန်းညီနောင်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်က ကော်ဘရာစစ်ကြောင်းမှ စစ်ကောင်စီ၏ ထိပ်တန်းအရာရှိများလိုက်ပါလာသည့် စစ်ရဟတ်ယာဉ်ကို ပစ်ချခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသည့် တပ်မ-၄၄ မှ တပ်မ မှူးအပါအ၀င် အရာရှိ ငါး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပျက်ကျသွားသည့် ရဟတ်ယာဉ်ကို AA က သွားရောက် စစ်ဆေးနေသည့် ဓာတ်ပုံများအရ စစ်ကောင်စီသည် အဆိုပါရဟတ်ယာဉ်ကို လာရောက်စစ်ဆေးနိုင်ခြင်းမရှိသလို စီးနင်းလိုက်ပါလာသည့် တပ်ဖွဲ့၀င်များကိုလည်း ကယ်တင်နိုင်ခြင်းမရှိဘဲ ပစ်ချခံလိုက်ရသည့်အတိုင်း လက်လွှတ်ခဲ့သည်ကို တွေ့ရသည်။
“စစ်တပ်ရဲ့လုပ်ထုံးလုပ်နည်းအရဆိုရင် ကြည်းတပ်က ဖြစ်စဉ်ရှိတဲ့နေရာကို သွားစစ်ဆေးမယ်။ နောက် ရဟတ်ယာဉ်မှာ သုံးလို့ရတဲ့အစိတ်အပိုင်းမှန်သမျှ လေယာဉ်အခွံကအစ ခွာယူတာ။ အခုအနေအထားအရဆိုရင် သူတို့ နယ်မြေကို မစိုးမိုးနိုင်လို့ကို မသွားတာ။ အင်အားနည်း နေတာလား၊ အပစ်ခံရမှာကြောက်လို့မသွားတာလား။ တစ်ခုခုပဲ”ဟု စစ်တပ်အရာရှိတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဓာတ်ပုံ- ညီနောင်မဟာမိတ်
ပုံစာ-AA က ပစ်ချ၍ ပျက်ကျသွားသည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို သွားရောက်စစ်ဆေးနေစဉ်
#ရခိုင် #စစ်ကောင်စီရဟတ်ယာဉ် #AAပစ်ချ #စစ်ဆေး #Mi17 #တော်လှန်ရေးတပ်ဖွဲ့များ #၄စီးအထိရှိလာ #Ayeyarwaddy_Times