ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားကြောင်းသိရသည်။
မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တောင်ပြိုလက်ဝဲဗျူဟာကုန်းကို ယနေ့ ဖေဖော်ဝါရီ ၄ရက်နေ့ နံနက်၃နာရီတွင် ရက္ခိုင့်တပ်တော်(AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“မနက်ပိုင်းတိုက်ပွဲဖြစ်ကတည်းက စစ်တပ်က ဟိုဘက်နယ်စပ်ကိုဖြတ်ပြေးတာ။ တနေ့လုံး သူတို့ပြေးတာတွေကိုရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေကြည့်ပြီး အားရနေတာ။ တပ်တော်က ကြိတ်ချက်ပဲ” ဟု AA တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် AA၏ တိုက်ခိုက်မှုကိုမခုခံနိုင်တော့၍ စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများ ဦးတည်ရာမဲ့ ကစဥ့်ကလျား ထွက်ပြေးခဲ့ကြပြီး စစ်ကောင်စီ၏ နယ်ခြားစောင့် BGPအဖွဲ့ဝင် ၁၄ ဦးသည် ရခိုင်နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်သွားကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့မှထွက်ပြေးလာသည့် တပ်ဖွဲ့ဝင် ၁၄ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုက်ချောင်ဆူရီနယ်စပ်ရှိ BGB စခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယနေ့မနက်အစောပိုင်းအချိန်က ၁၄ဦးရှိသည်ဟု ဘင်္ဂလားဒေ့ရှ်ရှိ မီဒီယာများကတွင် ဖော်ပြထားသော်လည်း ယနေ့ညနေပိုင်းတွင် ထွက်ပြေးလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ဦးအထိရှိလာပြီဖြစ်ကြောင်း Bangla Vision မီဒီယာတွင် ဖော်ပြထားသည်။
ယနေ့ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အပိုင်းအစများ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း AAအဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ပလက်ဝမှတဆင့် အိန္ဒိယနိုင်ငံထဲ့သို့ အကြိမ်ကြိမ်ဝင်ပြေးခဲ့ကြသည့်အတွက် အိန္ဒိယအစိုးရက မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ပုံစာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထွက်ပြေးဝင်ရောက်သွားကြသည့် စစ်ကောင်စီတပ်သားများ
#မောင်တော #စစ်ကောင်စီ #တောင်ပြိုလက်ဝဲဗျူဟာစခန်း #AAတိုက်ခိုက် #ဘင်္ဂလားဒေ့ရှ်ထွက်ပြေး #Ayeyarwaddy_Times