ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၄ ရက်)

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ကြားဖူးကြပါသလား။ ဆီးပိုးဝင်ခြင်းကို ခံစားခဲ့ရဖူးပါ သလား။

ဆီးအိမ်ရောင်ရမ်းခြင်း၊ (ဆီးအိမ်လိင်အင်္ဂါပို့)ဆီးပြွန်ရောင်ရမ်းခြင်း၊ ကျောက်ကပ်နှင့် ဆီးပို့ပြွန်ရောင်ရမ်းခြင်း နဲ့ မိန်းမကိုယ်(အမျိုးသမီးလိင်အင်္ဂါ)ရောင်ရမ်းခြင်း ဆိုပြီး နေရာလေးခုမှာ ရောင်ရမ်းခြင်း ဖြစ်လာတဲ့အခါ အားလုံးကို စုပေါင်းပြီးတော့ ဆီလမ်း ကြောင်းပိုးဝင်တယ်လို့ ခေါ်ပါတယ်။

ဆီလမ်းကြောင်း ပိုးဝင်ခြင်းဟာ ဘတ်တီးရီယားပိုး၊ ဗိုင်းရပ်စ်ပိုး နဲ့ မှို စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

သုံးရေထဲမှာ ဝမ်းထဲမှာ ပါလာတတ်တဲ့ Escherichia coli (E. coli) အီးကိုလိုင်လို့ခေါ်တဲ့ ဘတ်တီးယားပိုးကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များပါတယ်။ ဆီးထဲမှာ ပိုးတွေ ပွားများပေါက်ဖွားပြီး ဆီးပြွန်၊ ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးပို့ပြွန် နဲ့ မိန်းမကိုယ် နေရာအနှံ့ ပြန့်နှံ့ပြီးဒုက္ခတွေ ပေးပါတော့တယ်။

#ဆီးပိုးဝင်ရင်ဘာတွေခံစားရမလဲ

မကြာခဏဆီးသွားချင်နေပြီး ဆီးတစ်စက်တစ်စက်ချင်းသွားနေရတာ၊ မီးစနဲ့ထိုးသလို ဆီးပူ ဆီကျဉ်နေတာ၊ ဆီးသွားမဝဖြစ်တာ၊ ဆီးသွားပြီးတဲ့မှာ‌တောင် ဆီးထပ်သွားချင် သလိုခံစားရတာ၊ ဆီးခုံနေရာက တင်းကျပ်နာကျင်နေတာ၊ ဆီးထဲမှာသွေးပါတာ၊ ဆီးအရောင်နောက်ကျိပြီး ဆီးအနည်ပါတာ ဆီးအနံ့ဆိုးရွားတာတွေ ဖြစ်တတ်ပါတယ်။

ဆီးပိုးဝင်ရင် ချမ်းတုန်ပြီးဖျားတတ်ပါတယ်။ ခါးနာတတ်ပါတယ်။ အန်တတ်ပါတယ်။ လိင်မှတဆင့်ကူးစက်တဲ့ပိုးတွေကလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေတတ်ပြီး မိန်းမ ၊ ယောက်ျား‌ ဘယ်သူမှာမဆို ဖြစ်စေနိုင်ပါတယ်။

ဆီးလမ်းကြောင်းထဲ ပိုးဝင်တဲ့အခါ ပိုးသတ်ဆေးပေးပြီ စနစ်တကျကုသဖို့လိုတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

#အမျိုးသမီးများနှင့် ဆီးပိုးဝင်ခြင်း

အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်း တို‌တာကြောင့် အမျိုးသားတွေထက် ပိုပြီး ပိုးဝင်ဖို့ ပိုလွယ်ကူ‌ပါတယ်။ အသက်၂၄နှစ်အောက် အမျိုးသမီးသုံးယောက်မှာ တစ်ယောက်က ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုခံစားဖူးပြီးဖြစ်ပါတယ်။

ဓမ္မတာမလာခင်အချိန်မှာ ဟော်မုန်းအပြောင်းအလဲဒဏ်ကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ဖို့လွယ်ကူတယ်ဆိုပြီး မီးယပ်ရောဂါကုစစ်တမ်းတွေမှာ တွေ့ရှိထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များပါတယ်။ အမြန်မကုသနိုင်ပါက သွေးတိုးလာနိုင်ပြီး ကိုယ်ဝန်အတွက်အန္တရာယ်ရှိနိုင်ပါတယ်။

သွေးဆုံးပြီးအရွယ် အမျိုးသမီးတွေမှာလည်း ဆီးပြွန်နှင့် ဆီးအိမ် တို့ရဲ့ အလုပ်လုပ်နိုင်စွမ်း တွေကျဆင်းလာတာနှင့်အမျှ ဆီးလမ်းကြောင်းပိုးဝင်လွယ်လာပြန်ပါတယ်။ သားအိမ် ခွဲစိတ်ထားကြသူတွေမှာလည်း မကြာမကြာ ဖြစ်ကြပါတယ်။ အရွယ်သုံးပါး မိန်းမသားတွေမှာ ဆီးလမ်း‌ကြောင်း ပိုးဝင်ခြင်းပြဿနာက ဒွန်တွဲနေတတ်ပါတယ်။

#အမျိုးသားများနှင့်ဆီးပိုးဝင်ခြင်း

ယောက်ျားတွေ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ခံစားရတဲ့အခါ အဓိကပြဿနာက ဆီးပေါက်ရခက်တာပါ။ အသက်ကြီးပိုင်း အမျိုးသားတွေဆိုရင် ဆီးကျိတ်ရောင်ရမ်းတာနဲ့ ယှဉ်တွဲပြီး အတူတူဖြစ်တတ်ပါတယ်။ ဖြစ်လာရင်လည်း ကုသရခက်ခဲတတ်တာကြောင့် ဆီးလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်ကြီးတွေ နှင့် ဆွေးနွေးရနိုင်ပါတယ်။

ငယ်ငယ်ရွယ်ရွယ် အမျိုးသားတွေ ဆီးလမ်းကြောင်း ပိုးဝင်ခဲ့ရင် လိင်ကနေတဆင့် ကူးစက်တာက အများဆုံးဖြစ်နေတာကြောင့် လိင်ဆက်ဆံဖော်ကိုပါ စနစ်တကျ ကုသပါမှ ထပ်ခါထပ်ခါ မကူးနိုင်တော့ဘဲ ရောဂါအမြစ်ပြတ်မှာ ဖြစ်ပါတယ်။

#ဆီးချိုသွေးချိုရောဂါနှင့်ဆီးပိုး

ဆီးချိုရောဂါရှိသူတွေရဲ့ဆီးမှာ အချိုဓါတ်သကြားတွေ စွန့်ထုတ်နေတာကြောင့် ပိုးတွေ အတွက် အာဟာရ‌လို ဖြစ်စေတာကြောင့် ရောဂါတွေကို လက်ယက်ခေါ်သလို ဖြစ်နေ ပါတယ်။ ဆီးချိုသွေးချိုနှစ်ရှည်လများခံစားနေရတာကြောင့် ကိုယ်ခံအားကလည်း ကျဆင်းနေပြီး အလွယ်တကူပဲ ဆီလမ်းကြောင်းပိုးဝင်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးဖို့ အလွန်ပဲ လိုအပ်ပါတယ်။

#ကလေးငယ်များနှင့် ဆီးပိုးဝင်ခြင်း

နုနုနယ်နယ် ကလေးတွေ ဖျားတယ်။ အငိုမရပ်ဘူး ဆိုပြီး ဆေးရုံဆေးခန်းတွေကို လာပြကြပါတယ်။ ကလေးတွေ ဖျားရင် ဆီးပိုဝင်တာကိုလည်း ထည့်သွင်း စဉ်းစားရပါတယ်။ အကြောင်းရင်းခံကို ပျောက်အောက် မကုခဲ့ရင် ကျောက်ကပ်မှာ အမာရွတ်ကျန်ကာ ထိခိုက်နိုင်ပြီး ကလေးအရွယ် သွေးတိုးခြင်းကို ရက်ရှည်လများ ခံစား ရနိုင်ပါတယ်။

#ဆီးလမ်းကြောင်းပိုးမဝင်အောင်ဘယ်လိုကာကွယ်နိုင်မလဲ

ရေများများသောက်တာ၊ အရည်များများသောက်ခြင်းတွေက ဆီးကို များများသွားစေပြီး ဆီးလမ်းကြောင်းကို ရှင်းလင်းစေနိုင်ပါတယ်။ ဆီးသွားပြီးတိုင်း အညစ်အကြေး စွန့်ပြီးတိုင်း သန့်ရှင့်ရေးလုပ်မယ်ဆိုပါက အရှေ့ကနေ အနောက်ဘက်ကို ဆေးကြောပါ။

ဆီးသွားချင်တိုင်း အောင့်မထားဘဲ ဆီးထသွားပါ။ မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်ပါက စောလျင်စွာကုသရပါမယ်။ လိင်ကူးစက်ရောဂါတွေမကူးအောင် အကာအကွယ် (ကွန်ဒုံး) စနစ်တကျသုံးရပါမယ်။ လိင်ဆက်ဆံပြီးတိုင်း ဆီးသွားတတ်တဲ့အလေ့အထ လုပ်ထားပါ။

ဝမ်းမချုပ်အောင် နေထိုင်ပါ။ ခရမ်ဘယ်ရီ ဖျော်ရည် (cranberries juice) သောက်ခြင်းက ဆီးလမ်းကြောင်းပိုးဝင်တတ်သူတွေအတွက် ကောင်းကျိုးတွေရှိပါတယ်။

#ဆီးစစ်ဆေးခြင်း

သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်းတို့ဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အလွယ်တကူ ရှာဖွေကုသနိုင်ပါတယ်။ ကုသရခက်ခဲသောအခြေအနေမျိုးမှာတောင် ဆီးပိုး‌မွေးပြီး ပိုးသတ်‌ဆေးတွေနဲ့ စမ်းသပ်ခြင်းကို လုပ်နိုင်နေပြီဖြစ်ပါတယ်။

ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာပြီဆိုပါက စနစ်တကျကုသပြီး ပျောက်ကင်းပါတယ်။ ရှက်စရာမလိုပါ။ ဆရာဝန်ဆီပြသပါ။ အကြံဉာဏ်တောင်းပါ။ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်အောင် အမြစ်ပြတ်အောင်ကုသကြပါ။ လိုအပ်‌တဲ့ ပိုးသတ်ဆေးများသုံးပြီး ဆေးပတ်လည်‌သည်အထိကုသရပါမည်။ ဒါကြောင့် ဆီးပိုးဝင်ခြင်းကို စနစ်တကျကုသကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

ဧရာဝတီတိုင်းမ်သတင်းတွေကို အားပေးနေကြသူများ ဆီးရောဂါမှ ကင်းဝေးကြပါစေ။

နောက်တစ်ပတ်မှာတော့ ခန္ဓာကိုယ်အမွေးအမျှင်များအကြောင်း စိတ်ဝင်စားဖွယ် တင်ဆက်ပေးမှာကြောင့် စောင့်မျှော်ပေးကြပါဦး။ Ayeyarwaddy Times ပရိသတ်များ အားလုံး ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဆီးလမ်းကြောင်းပိုးဝင်ခြင်း #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)