ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဖေဖော်ဝါရီ ၃ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုကို စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ စစ်ကြောင်းထိုးလာသည့်အတွက် ယနေ့ဖေဖော်ဝါရီ ၃ ရက်နေ့အထိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် လေးရက်ကြာ ထိတွေတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီသည် အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဘန်လောကျေးရွာ၊ ၅ မိုင်ရွာ၊ ၆မိုင်ရွာ၊ ဗောဓိကမ်းရွာတစ်လျှောက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များနှင့် တနေကုန်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်မှာ သုံးရက်ကျော်ကြာ မြင့်နေ ပြီဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများလည်း များပြားနေကြောင်း သိရ သည်။

“စစ်ကောင်စီက အင်အား တစ်ရာကျော်နဲ့ ဘန်လောရွာကို ၃၁ ရက်နေ့ ကတည်းက စစ်ကြောင်းထိုးဝင်လာတယ်၊ ကျွန်‌တော် တို့ အဖွဲ့တွေနဲ့ အနီးကပ်တိုက်ပွဲဖြစ်တယ်။ တစ်နေ့လုံးချနေတာ။ ဖေဖော်ဝါရီ ၂ ရက်နေ့ထိ မနားတမ်းတိုက်ပွဲ ဖြစ်နေပါ တယ်ဗျ။ စစ်ကောင်စီဘက်က တနင်္သာရီ မြို့ပေါ်ကနေ ၁၂၀ မမလက်နက်ကြီးနဲ့ အချက်ရေ ရာနဲ့ချီပြီး ဘန်လောရွာထဲပစ်ချနေလို့ ရွာသားတွေ ထွက်ပြေးနေရတယ်” ဟု ဘက်မလိုက် ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက ထိခိုက်မှုများပြားသည့်အတွက် ဘန်လောကျေးရွာ အနီးဝန်းကျင်သို့ ယမန်နေ့က Mi-2 ရဟတ်ယာဉ်ဖြင့်လာရောက်ကာ ‌ဗုံးသီး ဆယ်လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် ဘန်လောကျေးရွာအနီး တစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများမှာ ရွာလုံးကျွတ်စစ်ဘေးရှောင်တိမ်းနေရကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ဘန်လော‌အရှေ့ ကမ်းရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ တပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်၊ တပ်ရင်း-၂ ထံက ‌သိရသည်။

ဓာတ်ပုံ – ပေးပို့
#တနင်္သာရီ #တိုက်ပွဲ #စစ်ကြောင်းထိုး #လေကြောင်းတိုက်ခိုက် #PDF #Ayeyarwaddy_Times