နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ရက်

မုဒိန်းမှုကျူးလွန်ခဲ့သည့် တပ်ဖွဲဝင်နှစ်ဦးကို ကော်သူးလေတပ်မတော် (KTLA) အထူးစစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း KTLA ထံက သိရသည်။

KTLA ကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးသည် တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူကို ခင်ပွန်းမရှိခင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး KTLA အထူးစစ်ခုံရုံးမှ သုံးလကြာ စစ်ဆေးပြီး နောက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ကော်သူးလေတပ်ဖွဲ့ဝင် (အမည်လွှဲ)မောင်ဖြူမရှိခင်မှာ KTLA ကွန်မန်ဒိုစစ်ကြောင်းက (အမည်လွှဲ)မောင်ကျော်နဲ့ မောင်ဆန်းတို့နှစ်ဦးဟာ မောင်ဖြူရဲ့ဇနီးဖြစ်သူကို မုဒိန်းမှု ကျူးလွန်ခဲ့ပါတယ်။ မောင်ဖြူက ကော်သူလေးတပ်မတော် (KTLA) တာဝန်ရှိသူများကို တိုင်ကြားခဲ့လို့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတာ သုံးလကြာမြင့်ခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူ နှစ်ဦးအနက် မောင်ကျော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။ မောင်ဆန်းကိုတော့ မူးယစ်ဆေးဝါးပါ သုံးစွဲထားကြောင်း စစ်ဆေးပေါ်ပေါက်လို့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပါတယ်” ဟု KTLA တရားရေးအဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြစ်မှုကျူးလွန် သူများကို စစ်ဆေးမှုပြုလုပ်ရာတွင် သက်သေများနှင့်တကွ အထောက်အထားများကို စစ်ဆေးခဲ့ပြီး ကော်သူးလေတွင် ထုတ်ပြန်ထားသည့် ပုဒ်မများနှင့် နိုင်ငံတကာတွင် ကျင့်သုံးသည့် ပုဒ်မများကို ကိုးကား၍ စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KTLA တရားရေးအဖွဲ့မှ တာဝန်ရှိသူများထံက သိရသည်။

“ကော်သူးလေတပ်မတော်အနေနဲ့ ကျောသားရင်သားမခွဲခြားပါဘူး။ ဆုပေး၊ ဒဏ်ပေး စနစ်နဲ့ အုပ်ချုပ်နေတာပါ။ ပြစ်မှုကျူးလွန်တဲ့သူတွေကို ပြစ်မှုနဲ့ မျှတတဲ့ ပြစ်ဒဏ်ချမှတ်မှာပါ။ တော်လှန်ရေး စစ်ရေးမှာ ထူးချွန်ထက်မြတ်တဲ့သူတွေကို ထူးချွန် ထက်မြက်သလို ချီးမြင့်မှာပါ” ဟု KTLA မှ တပ်ရင်းမှူးက ဆိုသည်။

ပုံစာ-ပြစ်မှုကျူးလွန်သူ ၂ဦးကို ခေါ်ထုတ်လာစဉ်

#မုဒိမ်းမှုကျူးလွန် #KTLAကွန်မန်ဒိုတပ်ရင်း #တပ်ဖွဲ့ဝင်၂ဦး #KTLAအထူးစစ်ခုံရုံး #အလုပ်ကြမ်း #ထောင်ဒဏ်အသီးသီးချမှတ် #Ayeyarwaddy_Times