နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် သင်္ဃန်းညီနောင်မြို့လမ်းပိုင်းတွင် ပြီးခဲ့သည့် ဖေဖော် ဝါရီ ၂ ရက်နေ့ကစတင်၍ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မြဝတီ-သင်္ဃန်းညီနောင်လမ်းသစ်ပိုင်းတစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များ ထံက သိရသည်။

စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းကစတင်၍ တော်လှန်ရေး အင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၃၅၅ တပ်ရင်းမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

“ကုန်သွယ်ရေးဇုန် ရွာသစ်ကုန်းနဲ့ သင်္ဃန်းညီနောင်ဘက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတာ။ စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းခဲ့တာကြောင့် တိုက်ပွဲ ပြင်းထန်တယ်။ မြဝတီ သင်္ဃန်းညီနောင်လမ်းပိုင်း ကိုတော့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ် ထားနိုင်ခဲ့တယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ဖားအံမြို့ဘက်မှနေ၍ မြဝတီမြို့သို့ စစ်ကူအင်အား ပို့ဆောင် ပေးခြင်းများပြုလုပ်နေပြီး ရေလည်ကုန်း နဘူး/ထို့ကော်ကိုး တောင်ပေါ်လမ်းပိုင်းမှ နေ၍ အရပ်သားများကို အသုံးပြုကာ လက်နက်ခဲယမ်းများ သယ်ယူနေကြောင်း သိရသည်။

“တိုက်ပွဲအခြေနေကြောင့် မြဝတီ-သင်္ဃန်းညီနောင်လမ်းပိုင်းမှာရှိတဲ့ ရွာသစ်ကုန်း ကျေးရွာက ဒေသခံတွေကို ခေတ္တ ရှောင်ရှားပေးဖို့ သတိပေးထားတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့အနီး သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာ တပ်နယ်မြေအတွင်းရှိ ခမရ ၃၅၅ နေရာတွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။

စစ်ကောင်စီသည် ရဟတ်ယာဉ်ပစ်ချခံပြီးနောက် မြဝတီမြိုနယ်အတွင်းသို့ စစ်ကူ အင်အား ၅၀၀ ကျော်ထပ်မံ ဖြည့်တင်းခဲ့၍ နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ပုံစာ- KNLA- PDF ပူးပေါင်းတပ်ဖွဲ့ (ပုံဟောင်း)

#မြဝတီသင်္ဃန်းညီနောင်လမ်းပိုင်း #တိုက်ပွဲဖြစ်ပွား #သင်္ဃန်းညီနောင်လမ်းပိုင်း #တော်လှန်ရေးတပ်ဖွဲ့များ #ထိန်းချုပ် #Ayeyarwaddy_Times