ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်

လာမည့်ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ကျင်းပမည့် အခြေခံ ပညာစာမေးပွဲများ ဖြေဆိုရတော့မည်ဖြစ်ရာ လက်ရှိစစ်ဧရိယာကျယ် ပြန့်နေသော ပြည်နယ်နှင့်တိုင်းများတွင် စာမေးပွဲဖြေဆိုရန်အတွက် အခက်အခဲ များစွာရှိနိုင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အခြေခံပညာစာမေးပွဲများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ပြီး စစ်မက်ဧရိယာများ ဖြစ်‌သည့် ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စာမေးပွဲဖြေဆိုမည့်ရက်တွင် ကျောင်းသားများ ကျောင်းသို့ သွားရောက်ရန် ခက်ခဲမည်ဖြစ်ကြောင်းသိရသည်။

“စာသင်ကျောင်း‌တွေကတော့ဖွင့်ထားရတယ်။ ကျောင်းသားမရှိဘူး။ ကျောင်းက မဖွင့်လို့ မရလို့ဖွင့်ထားရတာ။ မိဘတွေကလည်း ကလေးတွေကိုစိတ်ပူတယ်။ ငြိမ်နေတယ်ဆိုရင်‌တော့ ကျောင်းပို့တယ်။ အသံကြားရင်တော့ ကျောင်း‌မပို့ကြဘူး။ ဖေဖော်ဝါရီအပြီး စာမေးပွဲစစ်ဖို့ အမိန့်ထုတ်ထားတယ်” ဟု ပဲခူးရှိ Non CDM အထက်ပြဆရာမတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပဲခူးတိုင်းတွင် စစ်ကောင်စီတပ်သည် ပြည်သူ့စစ်စုဆောင်းမှုများပြုလုပ်နေသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းများကို ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခြေခံပညာကျောင်းများတွင် စာမေးပွဲဖြေဆိုကြတော့မည်ဖြစ်၍ ကျောင်းတက်နေသည့် ကလေးများ ကျောင်းမပျက်မကွက် တက်ရောက်နိုင်ရေးနှင့် စာမေးပွဲကို ချောမွေ့စွာပြီးစီးနိုင်ရေးအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာကို တာဝန်ရှိသူများက လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့ဝင် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီကျင်းပ #စစ်ဧရိယာကျယ်ပြန့် #ဖြေဆိုရန်ခက်ခဲနိုင် #အ‌ခြေခံပညာစာမေးပွဲ #Ayeyarwaddy_Times