နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်

စစ်ခေါင်းဆောင်က ရေရာမှုမရှိသည့် ၎င်း၏ ရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ရည်ရွယ်ထားပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်တချို့ကို ဖြေလျော့၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌကို ပြောင်းလဲခန့်အပ်ခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါ ပြဋ္ဌာန်းတချို့ကို တစ်နှစ်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ဖြေလျော့ပေးကြောင်း ထုတ်ပြန်ခဲ့သည်။

“(ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က သူရဲ့ မူလဥပဒေနဲ့ ရွေးကောက်ပွဲ ဖြစ်လာတဲ့ တိုင်အောင် ထိုရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူး။ Democratization မဖြစ်ဘူး ဆိုတာကို မြန်မာ့နိုင်ငံရေးနဲ့ ကမ္ဘာ့စောင့်ကြည့်လေ့လာသူ အသိုက်အဝန်းကပါ ထောက်ပြ လာမှာ စိုးတဲ့အတွက် အနည်းငယ်ဖြေလျှော့လာတဲ့ သဘောပါပဲ” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ပါတီဝင် အင်အား စည်းရုံးရမည့် ရက်နှင့်ပမာဏ၊ ပါတီရုံးခန်း ဖွင့်လှစ်ရမည့် ရက်နှင့်မြို့နယ်၊ ပါတီငွေစာရင်း စသည့် သတ်မှတ်ချက်များကို ဖြေလျော့ပေးကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုအရာသည် စစ်ခေါင်းဆောင်၊ ၎င်းလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်-UEC နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ တွေ့ဆုံမှုများအပြီး ဖြေလျော့ ပြင်ဆင်ခြင်း ဖြစ်သလို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ထုတ်ပြန်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ၊ ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများကို မဲများသူ အနိုင်ယူစနစ်(FPTP) ဖြင့် ကျင်းပပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင် စီက ကျင်းပမည့် ရွေးကောက်ပွဲတွင်မူ အဆိုပါစနစ်အား ပယ်ဖျက်ကာ အချိုးကျစနစ်(PR) ကျင့်သုံးမည်ဟု ဆိုထားသည်။

စစ်ခေါင်းဆောင်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် ၎င်းစွပ်စွဲထားသည် ၂၀၂၀ ရွေးကောက်ပွဲကဲ့သို့ မဲစာရင်းကိစ္စ အမည်းစက်မဖြစ်အောင် ဆောင်ရွက်မည်ဟု ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်က ထိုသို့ဆိုထားသော်လည်း လက်ရှိအချိန်ထိ ရွေးကောက်ပွဲ ကျင်းပမည့် ကာလ မသတ်မှတ်နိုင်သေးသလို ၎င်းတို့နှင့် နီးစပ်သူများ၏ ပြောဆိုချက်အရ ယခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူရန် စီစဉ်နေသောကြောင့် အာဏာ သက်တမ်းအား ရွေးကောက်ပွဲ ကျင်းပနိုင်သည်အထိ ဆက်လက်တိုးယူနိုင်ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်း ၃ နှစ်ပြည့်တွင်လည်း အကြောင်း အမျိုးမျိုးပြ၍ အာဏာသက်တမ်း ၆ လထပ်မံ တိုးယူခဲ့သလို ဇန်နဝါရီ ၃၁ ရက်နေ့က လူပုဂ္ဂိုလ်တချို့ အပြောင်းအလဲအချို့ နှင့် ၎င်းလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးကို ကျန်းမာရေးကြောင့်ဟုဆိုကာ ရာထူးမှ ဖယ်ရှားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အငြိမ်းစား စစ်ဥပဒေချုပ် တစ်ဦးဖြစ်ပြီး ယခင်စစ်ခေါင်းဆောင်ဟောင်း ဦးသိန်းစိန် လက်ထက် တွင်လည်း UEC ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ကာ ၎င်း၏နေရာတွင် ဦးကိုကိုအား ကို အစားထိုး ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- ၂၀၂၄ ကာလုံအစည်းအဝေးတွင် တွေ့ရသည့် စစ်ခေါင်းဆောင်

#စစ်ခေါင်းဆောင် #ရွေးကောက်ပွဲ #ရေရာမှုမရှိ #ဖြေလျော့မှု #UECဥက္ကဋ္ဌပြောင်းလဲ #Ayeyarwaddy_Times