
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
အာဏာသိမ်း စစ်ကောင်စီက ကျုးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်မှုများကို စနစ်တကျ မှတ်တမ်းတင် ကောက်ယူ၍ တရားမျှတမှု ဖော်ဆောင်နိုင်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ထံက သိရသည်။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မြေပြင်မှ လူ့အခွင့်အရေး အချက်အလက် ကောက်ယူသူများ၊ အဖွဲ့အစည်းများ၊ အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အချက်အလက်များကို စနစ်တကျ စုဆောင်းခြင်း၊ စိ စစ်ခြင်း၊ မှတ်တမ်းတင် သိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ် ၈၄၉၉ ခုကို လက်ခံရရှိပြီး ထိုအထဲကမှ ဖြစ်စဉ် ၁၂၅၅ ခုကို အမှန်တကယ် ဖြစ် ပွား ကြောင်း စိစစ်နိုင်ခဲ့သလို ဖြစ်စဉ် ၆၅၇ ခုကိုလည်း သက်သေထွက်ဆိုချက်အပါအဝင် သက်သေခံမှတ်တမ်းများနှင့်အတူ တိတိ ကျကျ စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ရိုဟင်ဂျာအပါအဝင် ပြည်သူများအပေါ် စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၊ တရားရုံးတို့၌ တရားစွဲဆို အပြစ်ပေး အရေးယူနိုင်ရေးအတွက် နိုင်ငံ တကာနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေအား ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ဆဌမအကြိမ်(ဒုတိယနေ့)တွင် ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုအပေါ် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။
“ဒီအချက်အလက်တွေကို ပြည်သူလူထုလည်း ပိုမိုသိရှိနားလည်ပြီး သတင်းမီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ သိရှိဖို့အတွက် သတင်းစာရှင်းလင်းပွဲတွေနဲ့ သံတမန် တွေ့ဆုံ မှုတွေကို Press Secretary Team နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း သတင်းစာရှင်းလင်းပွဲ ၄ ကြိမ်နဲ့ သံတမန် တွေ့ဆုံမှု လေး ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုး မင်း က ပြောသည်။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု အချက် အလက်များကို ကောက်ယူရုံသာမက ကျူးလွန်သည့် စစ်ကောင်စီကိုလည်း အပြည်ပြည်ဆိုင်ရာ တရားဥပဒေလမ်းကြောင်းများ နှင့် အရေးယူနိုင်ရန်၊ ကျူးလွန်ခံ အပြစ်မဲ့အရပ်သားများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန်အတွက် ထိုအချက်အလက်များအား မြန်မာနိုင်ငံဆိုင်ရာ အချက် အလက်စုဆောင်းမှု ယန္တရား (IIMM) သို့ အမှုပေါင်း ၂၉၁ မှု ကို ပေးပို့ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယန္တရားအရ လူ့အခွင့်အရေး ကောင်စီသို့လည်း ပေးပို့ခဲ့သလို ၂၀၂၃ ခုနှစ်အတွင်း ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် သွားရောက်၍ လှုံ့ဆော်မှု နှစ် ကြိမ် ပြုလုပ်ကာ တင်ပြမှု ကြေညာချက် ခြောက် ကြိမ် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
အလားတူ ပြီးခဲ့သည့် (၅၄)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံတွင်လည်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်၊ IIMM အကြီးအကဲနှင့် လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးတို့က အာဏာသိမ်း စစ်ကောင်စီ ကျူးလွန်နေသော လူ့အခွင့်အရေး အခြေအနေသည် စစ်ပွဲဆိုင်ရာရာဇဝတ်မှု (war crime)အဆင့်အထိ ရောက်ရှိနေသည့်အတွက် လုံခြုံရေးကောင်စီက အရေးယူကိုင်တွယ်သင့်ပြီဟု ထုတ်ဖော် ပြောကြားခဲ့သည်။
ထို့အတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌လည်း နှစ်ပေါင်း ၇၀ အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာတွင် ပထမဆုံးချမှတ် အတည်ပြုခဲ့သည်။
စစ်ကောင်စီနှင့် အပေါင်းအပါများကို နိုင်ငံတကာ တရားစီရင်မှု ယန္တရားသာမက နိုင်ငံအလိုက် တရားစွဲဆိုနိုင်သည့် Universal Jurisdiction လုပ်ထုံးလုပ်နည်းအား အသုံးပြု၍ လမ်းကြောင်းများ ရှာဖွေလုပ်ဆောင် လျက်ရှိကြောင်း NUG လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာနထံက သိရသည်။
ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် လမ်းကြောင်းကို အသုံးပြု၍ လက်ရှိ အမှုဖွင့်ပြီး တရားစွဲဆိုရန် ပြင်ဆင်နေသည့် အာဂျင်တီးနား၊ တူရကီ၊ ဖိလစ်ပိုင် နိုင်ငံတို့အပြင် နောက်ထပ်ထပ်မံ အရေးယူနိုင်မည့် နိုင်ငံများ ကိုလည်း ရှာဖွေကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုံစာ-NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း
#စစ်ကောင်စီ #လူ့အခွင့်အရေးချိုးဖောက်မှု #ရာဇဝတ်မှုများ #မှတ်တမ်းတင် #တရားမျှတမှု #NUGကြိုးပမ်း #Ayeyarwaddy_Times