
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ ရက်
ချင်းပြည်နယ်၊ မရာဒေသရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MDF)၏ တပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းလဲန်းကာကွယ်ရေးတပ် (CDF)ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း MTC/MDF က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ မရာဒေသက MDF ၏ တပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့မှစ၍ CNA၊ CDF-Mara၊ CDF-Paletwa၊CDF-Thantlang၊ CDF-Zophei၊ CDF-Lautu နှင့် CDF-Senthang တို့မှ အင်အားအလုံးရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေတွင် Drone များပါ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
” အခု CNA နဲ CDF တို့ ပူးပေါင်းပြီး အိန္ဒိယနယ်စပ် တစ်နေရာမှာရှိတဲ့ MDF တပ်စခန်းကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့မှာ စတိုက်တာ။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ တစ်နေကုန် drone နဲ့ အကြိမ် ၃၀ ကျော် တိုက်ခိုက်ခဲ့တယ်။ ဇန်နဝါရီ ၂ ရက်နေ့မှာ လူအင်အားအလုံးရင်းနဲ့ MDF စခန်းသိမ်းဖို့ ပြင်ဆင်နေတယ်”ဟု MDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ပွဲတွင် အသုံးပြုသည့် Drone များသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တပ်ဆင်ပေးသည့် Drone များဖြစ်ပြီး ချင်းပြည်အတွင်းရှိ စစ်ကောင်စီကို မတိုက်ခိုက်ဘဲ ချင်းတော်လှန်ရေး တပ်ဖွဲ့ အချင်းချင်း မတရားတိုက်ခိုက်နေခြင်းသည် လွန်စွာ စိတ်မကောင်းဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် လိုင်လင်းပီမြို့ရှိ CNA နှင့် CDF(မရာ)တို့ လုံခြုံရေး ကင်းစခန်းကို MDF မှ ဝင်ရောက်စီးနင်းတိုက်ခိုက်သောကြောင့် CNA တပ်ကြပ်ကြီး တစ်ဦးနှင့် CDF(မရာ)ဒုခွဲမှူး တစ်ဦး ကျဆုံးပြီး CDF(မရာ) ထိန်းချုပ်နယ်မြေတွင်း လုံခြုံရေးတင်းကျပ်ကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဥ် MDF ၏ တပ်စခန်းကို Drone ဖြင့် ခြောက်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ လုံခြုံရေး ကင်းစခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်မျိုးရှိခဲ့လို့ ထိန်းချုပ်နယ်မြေမှာ Drone နဲ့ လုံခြုံရေး ကင်းလှည့်ခဲ့ပါတယ်။ အဲ့ဒီ လုံခြုံရေး ကင်းလှည့်နေစဥ် အိန္ဒိယနယ်စပ်က MDF တပ်စခန်း တစ်ခုကို ခြောက်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မဟာမိတ် ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ခိုက်တာမျိုးမရှိသလို့ Drone နဲ့ အကြိမ် ၃၀ ခန့် ဗုံးကြဲတိုက်ခိုက်ပြီး စခန်းသိမ်း တိုက်ပွဲလည်း မဆင်နွှဲခဲ့ပါဘူး”ဟု CDF (မရာ)နှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။
လက်ရှိ CDF(မရာ)၏ ဗျူဟာမှူးအပါဝင် ရဲဘော် ငါးဦးကို MDF မှ တစ်လနီးပါး ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းဖမ်းဆီးထိန်းသိမ်းထားသည့် ရဲဘော်များနှင့် အဆက်အသွယ် မရရှိဘဲ အသက်အန္တရာယ် စိုးရိမ်နေကြောင်းလည်း သိရသည်။
#မရာဒေသ #ချင်းတော်လှန်ရေး #တပ်ဖွဲ့အချင်းချင်းတိုက်ပွဲဖြစ် #Ayeyarwaddy_Times