ဆောင်းပါးရှင်-ဝေဟင်စိုး
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၃ ရက်)

“ဒီတော်လှန်ရေး ကာလမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ကိစ္စတွေ အတွက် စိတ်တော်တော်လေး ထိခိုက်ခဲ့ရတယ်”လို့ သက္ကရာဇ်က ပြောလာပါတယ်။

ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မှုတွေ ခံယူရင်း ကျော်လွှားခဲ့ရကြောင်းနဲ့ တော်လှန်ရေးမှာ မလိုလားအပ်တဲ့ အရာတွေရလာမှာ စိုးတယ် လို့လည်း သက္ကရာဇ်က ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လိုက်ဖမ်းလို့ ရှောင်တိမ်းရစဉ် သူ့ကို လက်ခံ ကယ်တင်ထားတဲ့ ဘုန်းကြီးတစ်ပါးက ခြိမ်းခြောက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့ပုံ၊ အဲ့ဒီနောက် သူတာဝန်ထမ်းဆောင်ရာ တော်လှန်ရေး တပ်ဖွဲ့ တစ်ခု အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပုံများကို ရှင်းပြနေရင်း သက္ကရာဇ်ရဲ့ အသံ တိမ်ဝင်သွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်‌နေ့မှာ အာဏာသိမ်းပြီးနောက် ပြည်သူအများက ကန့်ကွက်ဆန္ဒပြကြရာမှာ LGBT အသိုင်း အဝိုင်းကလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး မသက် (အမည်လွှဲ) လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။

မသက် နည်းတူ လိင်အကြမ်းဖက် ခံခဲ့ရတဲ့ အခြားသော LGBT တစ်ဦးလည်း ရှိနေပါသေးတယ်။

ဒါပေမယ့် အဲ့ဒီကိစ္စရပ်တွေအကြောင်း ပြန်ပြောင်းပြောဆိုဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်သေးဘူလို့ ယရင်က တော်လှန်ရေးတပ်ဖွဲ့တစ်ခုအတွင်း ရဲဘော်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ အတာက ပြောပါတယ်။

အတာဟာ ၂၀၂၃ ခုနှစ် အရှေ့တောင် အာရှ နိုင်ငံများရှိ အမျိုးသမီးများ အနက် တစ်နှစ်တာ စွမ်းဆောင်ရည် အကောင်းဆုံး ဆုရှင် (Women of the Future Awards South East Asia) LGBT အလှမယ် ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ ဆိုရာမှာ အမျိုးသမီးတွေသာ ကျူးလွန်ခံနေရခြင်း မဟုတ်ဘဲ LGBT များ အပါအဝင် အမျိုးသား အချို့ပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံနေရတာ ဖြစ်ပါတယ်။

ယခင်ကတည်းက မြန်မာနိုင်ငံမှာ လိင်အကြမ်းဖက်မှုတွေ သိသာစွာ ဖြစ်ပွားနေပေမယ့် တော်လှန်ရေး ကာလအတွင်း လူအများ သတိထားမှု နည်းပါးလာတာ ဖြစ်ပါတယ်။

ဒါပေမယ့် တော်လှန်ရေး အသိုင်းအဝိုင်း အပါအဝင် ငရဲခန်းလို့ ခေါ်တဲ့ စစ်ကောင်စီရဲ့ စစ်ကြောရေးတွေမှာ ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်အားကိုး၊ အာဏာအားကိုး၊ ငွေကြေး အားကိုးပြီးတော့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ပေါင်းစုံကို ကျွန်မတို့ ကြုံတွေ့နေရတယ်။ နဂိုကတည်းက မြန်မာနိုင်ငံက ဖိုဝါဒကြီးစိုးတဲ့ နိုင်ငံ ဖြစ်တယ်။ ကျူးလွန်ပြီးသွားရင်လည်း လက်နက်အားကိုး၊ အာဏာအားကိုး၊ ငွေကြေး အားကိုး ပြီးတော့ ဖြေရှင်း နေကြတာကလည်း လုံးဝကို ဥပဒေမဲ့ ကာလလို ဖြစ်နေခဲ့တယ်။ ဒါဟာ အင်မတန် အောက်တန်းကျလွန်းတဲ့ လုပ်ရပ် တစ်ခု ဖြစ်တယ်” လို့ အတာက ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံ့အာဏာ သိမ်းပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ ပုဒ်မ အမျိုးမျိုးတပ် နှစ်ရှည်ထောင်ချတာ၊ စစ်ကြောရေးမှာ နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီအထဲမှာ အမျိုးသမီးတွေ အပါအဝင် လိင်စိတ်ခံယူမှု ကွဲပြားတဲ့ LGBT တွေဟာ စစ်ကောင်စီရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေး အချိန်ကြာလာတာနဲ့ အမျှ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ စစ်ကောင်စီက အမျိုး သမီးတွေ အပေါ်သာမက တော်လှန်ရေး အတွင်း ပါဝင်နေတဲ့ LGBT တွေကိုပါ အမုန်းစိတ်နဲ့ ပစ်မှတ်ထားကာ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း LGBT (၁၀) ဦးထက် မနည်း သေဆုံးခဲ့ရတယ် လို့လည်း BBC သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

LGBT တစ်ဦးဖြစ်သူ စာရေးဆရာမ စောဟန်နွေဦး ကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးမှာ သူ့ခန္ဓာကိုယ် ကို ဓားနဲ့မွှန်းတာ၊ ရေနွေးပူနဲ့ လောင်းတာ၊ ဝါယာကြိုးနဲ့ ရိုက်နှက်တာတွေ ရက်ရက်စက်စက် ပြုလုပ်ခဲ့တဲ့ အပြင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်မှုတွေလည်း ရှိခဲ့ပါတယ်။

LGBT လို့ ဆိုလိုက်ရင် လူအများစုက လိင်မှုဆိုင်ရာ ကိစ္စတွေနဲ့ အိပ်ယာပေါ်က ကိစ္စတွေနဲ့သာ ထုံမွှန်းနေသူတွေလို့ မြင်နေကြပြီး အခု နွေဦးတော်လှန်ရေး ကာလ အတွင်းမှာတော့ တက်ကြွ လှုပ်ရှားသူတွေ အဖြစ် အများက လက်ခံ လာကြပြီလို့ ရဲဘော် အတာက သူ့ရဲ့အမြင်ကို ပြောပါတယ်။

“LGBT တွေဆိုရင် မိတ်ကပ်လိမ်းရမယ်၊ ဒီဇိုင်နာ လုပ်ရမယ်၊ နတ်ကရမယ် ဆိုတဲ့ ရှေးရိုးစွဲ မူဘောင်ကြီး တစ်ခုကို ကျော်ပြီး လူမှုပတ်ဝန်းကျင် နေရာကဏ္ဍ အသီးသီးမှာ ပါဝင်လာကြတယ်။ ဒီလို ပါဝင်လာကြလို့လည်း တစ်ဖြည်းဖြည်း လက်ခံလာကြတာ တွေ့ရတယ်” လို့လည်း သူ့ရဲ့ယုံကြည်ချက်ကို ဖွင့်ဟလာပါတယ်။

ဒါကြောင့် LGBT တွေသာမက တခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားခံရသူတွေ အနေနဲ့ ဒီအခြေအနေ တွေကို မမေ့ပစ်ဘဲ မှတ်တမ်း တင်ထားရှိကာ တော်လှန်ရေး အလွန်မှာ ကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင် ထားသင့်တယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တဲ့ ဖြစ်ရပ်တွေက ကျူးလွန်ခံလိုက်ရတဲ့ သူတွေရဲ့ လူသား ဂုဏ်သိက္ခာကို ထိခိုက် စော်ကားလိုက်တာ ဖြစ်တယ်။ အမျိုးသမီးတွေ ကလေးသူငယ်တွေနဲ့ LGBT တွေအပေါ် ကျူးလွန်ခြင်းဟာ ကျူးလွန်ခံရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်ပေါ်စေတာကြောင့် လူ့အခွင့်အရေး ချိုးဖောက် တာလည်း ဖြစ်တယ်” လို့ သူက မှတ်ချက်ပြု ပြောဆိုပါတယ်။

လိင်အကြမ်းဖက် ခံရမှုလို့ ဆိုလိုက်ရင် အမျိုးသမီးတွေကိုသာ ကာကွယ်ပေးနေတဲ့ ဥပဒေတွေ၊ အခွင့်အရေးတွေသာ ရှိနေပြီး၊ LGBT တွေအတွက် တိတိကျကျ ပြဌာန်းတာတွေ မရှိသေးတာကြောင့် ဥပဒေတွေ ပြဌာန်းပေးဖို့ လိုအပ်တယ် လို့ LGBT အသိုင်းအဝိုင်းက ထောက်ပြ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

“တော်လှန်ရေးမှာ LGBT များ ပါဝင်နေကြပါတယ်။ ထောက်ပို့ လုပ်ငန်းစဉ်တွေမှာ ဖြစ်စေ တောထဲမှာ လက်နက် ကိုင်ပြီး တော်လှန်နေတဲ့ နေရာမှာပဲဖြစ်စေ LGBT များစွာ ပါဝင်နေတာကိုတွေ့ရတယ်။ တော်လှန်ရေးလို့ ပြောလိုက် တာနဲ့ နိုင်ကျဉ်း အနေနဲ့ ထောင်ကျနေတဲ့ LGBTတွေကိုလည်း မေ့လို့မရပါဘူး” လို့ သက္ကရာဇ်က ဆိုပါတယ်။

နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းတွေကြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ရှိနေတာကို သိရှိတယ်လို့ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာန ရဲ့ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အတည်ပြုထားပါတယ်။

“ခွဲခြားဆက်ခံရမှုတွေ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေလို ပြဌာန်းမှုမျိုးတွေ ခိုင်ခိုင်မာမာ ရေးဆွဲဖို့ လိုတယ်။ LGBT အပေါ် မြင်တဲ့ ဖိုဝါဒအစွဲတွေ၊ ဘာသာရေး၊ လူမျိုးရေးလို့ သတ်မှတ်ထားတဲ့ တချို့သော အယူအဆ ဟောင်းတွေကို မြောင်းထဲပစ်ဖို့ အချိန်ရောက်နေပါပြီ။ LGBT အပါအဝင် လူသားအားလုံး အကြမ်းဖက်ခံရခြင်းက ကင်းလွတ်ဖို့ အတွက် လုပ်ဆောင်ပေးမှုက အစိုးရရဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်” လို့ ဦးအောင်မျိုးမင်းက ပြောဆိုပါတယ်။

လက်နက်ကိုင် ပဋိပက္ခဒေသ အတွင်း အမျိုးသမီးများ၊ ကလေးသူငယ်များနဲ့ LGBT များအပေါ် အကြမ်းဖက်မှုများ မရှိစေရ ဆိုတဲ့ ပြဌာန်းချက်ကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်သည်ကျင့်ဝတ်နဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ မူဝါဒတွေမှာ ထင်ရှားစွာ ဖော်ပြထားပါတယ်။

သက္ကရာဇ်ဟာ တော်လှန်ရေး ကာလအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရပေမယ့် သူယုံကြည်ထားတဲ့ တော်လှန်ရေး အတွက် သူတတ်စွမ်းတဲ့ဘက်ကနေ တောတွင်းရဲဘော်တွေ အတွက် ထောက်ပို့လုပ်ပေးတာ၊ ထိုင်းနိုင်ငံ အတွင်း စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်တာနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို နိုင်ငံတကာက သိလာစေဖို့ သရုပ်ပြတာတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

“အကြမ်းဖက်မှုတွေနဲ့ တခြား ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်ဖို့ အတွက် ခိုင်မာတဲ့ တရားစီရင်ရေးနဲ့ လွတ်လပ် တဲ့ တရားစီရင်ရေး မရှိသေးတာကြောင့် အရေးယူဆောင်ရွက်မှုမှာ အားနည်းနေသေးတာ ဖြစ်တယ်။ ဒါတွေ ပပျောက်ဖို့ဆိုရင် တရားဥပဒေ စိုးမိုးရေးကို မဖြစ်မနေ တည်ဆောက်ရမယ်” လို့ သက္ကရာဇ်က ပြောဆိုပါတယ်။

ခွဲခြား ဆက်ဆံမှုတွေ အတွက် ဥပဒေကဲ့သို့ ကျင့်သုံးနိုင်တဲ့ စာရိတ္တတွေ ဖော်ဆောင်ပေးခြင်း၊ ဥပဒေပေါ်လစီများ ပြုပြင် ပြောင်းလဲ ပစ်ခြင်းနဲ့ လူတိုင်းရဲ့အတွေး အခေါ်အယူအဆတွေကို ပြောင်းလဲဖို့ လုပ်ဆောင်ရမယ်လို့ LGBT အသိုင်း အဝိုင်းက ဆိုပါတယ်။

“ကျွန်မအနေနဲ့ LGBT ဖြစ်တည်မှုအပေါ် အားငယ်နေမှာ မဟုတ်ဘူး။ ဒီတော်လှန်ရေးကာလမှာ ကျွန်မ ဘယ်အတိုင်း အတာ အထိ လုပ်နိုင်ခဲ့သလဲ။ တော်လှန်ရေးအလွန် ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရေးမှာလည်း တစ်ထောင့် တနေရာကနေ ပါဝင်ပြီး လောကကို အလှဆင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်” လို့ ရဲဘော်အတာက သူ့ရဲ့သံန္နိဌာန်ကို ဖွင့်ဟပါတယ်။

LGBT တွေဟာ အဖိနှိပ်ခံမဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံး လိုချင်တောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပန်းတိုင်ရောက်ရှိဖို့ တော်လှန်ရေးအတွင်း ကျရာ အခန်းကဏ္ဍတွေမှာ ရှင်သန် ရပ်တည် လှုပ်ရှားရင်း လောကကို အလှဆင်နေကြတဲ့ အမေ့ခံပုံရိပ်တွေ အဖြစ် ရှိနေပါတယ်။ ။

#နွေဉီးတော်လှန်ရေး #အမေ့လျော့ခံပုံရိပ်များ #သတင်းဆောင်းပါး #Ayeyarwaddy_Times