စစ်ဝေးသော်/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်

ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၃ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အလားတူပဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တော်လှန် တိုက်ပွဲ ဝင်ခဲ့ကြတဲ့ မြန်မာပြည်သူလူထုရဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာလည်း ၃ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။

၃ နှစ်တာအချိန်ကာလကို ပြန်ပြောင်းကြည့်တဲ့အခါ မြန်မာ့နွေဦးတော်လှန်ရေးဟာ အရေးကြီးတဲ့ဆခြေအနေ ၂ ရပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တာ တွေ့ရပါတယ်။

ပထမဆုံးကိစ္စကတော့ လမ်းမပေါ်က လူအုပ်ကြီးကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းတဲ့အခါ တော်လှန်ရေးရပ်သွားမလားဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက ပထမဆုံးအကြိမ် အာဏာသိမ်းခဲ့သလို အဲ့ဒီနှစ် ဇူလိုင်လမှာပေါ်ပေါက်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုကို စစ်ခေါင်းဆောင် ဗိုလ်နေဝင်းက ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းခဲ့ပါတယ်။

အလားတူ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၈၈ လူထုအရေးတော်ပုံနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စတဲ့ ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှုမှန်သမျှကို စစ်အာဏာရှင်တွေက သေနတ်နဲ့ပစ်၊ သွေးချောင်းစီးစေတဲ့စနစ်နဲ့ပဲ ဖြေရှင်းခဲ့ကြပါတယ်။ ဒါကြောင့် အကြမ်းမဖက် လူထုလှုပ်ရှားမှုအရေးတော်ပုံတွေဟာလည်း စစ်အာဏာရှင်တွေရဲ့ နည်းမျိုးစုံ သတ်ဖြတ်နှိမ်နင်းမှုအောက်မှာ အဆုံးသတ်ခဲ့ကြရပါတယ်။

၂၀၂၁ မှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာ့နွေဦး တော်လှန်ရေးပေါ်ပေါက်လာတော့ စစ်တပ်ဟာ ယခင်လုပ်နေကျနည်းဟောင်းအတိုင်း လမ်းမပေါ်က လူအုပ်ကြီးကို ကျည်ဆံမိုးရွာပြီး အကြမ်းဖက် သတ်ဖြတ်ခဲ့ပြန်ပါတယ်။

လမ်းမပေါ်က လက်နက်မပါ လက်ဗလာနဲ့ ပြည်သူလူထုကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့လို ပေတရာလမ်းမတွေပေါ် သွေးချောင်းစီးခဲ့ပါတယ်။ ပြည်သူ သန်းနဲ့ချီပါဝင်တဲ့ မြန်မာ့နွေဦးတော်လှန်ရေးကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းချိန်မှာ ရှေ့ကအရေးတော်ပုံများလိုပဲ တခန်းရပ်သွားမယ်လို့ တွက်ထားသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ စစ်အာဏာရှင် ဗိုလ်မင်းအောင်လှိုင်တို့စစ်အုပ်စုက ထိပ်ဆုံးက ပါဝင်နေပါတယ်။

ဒါပေမယ့် သတ္တိပြောင်တဲ့ Generation – Z မြန်မာလူငယ်တွေဟာ ဒီမိုကရေစီကို ပါးစပ်နဲ့တောင်းမရရင် သေနတ်နဲ့တောင်းမယ်ကွဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ KIA KNU KNPP CNF နဲ့ AA အပါအဝင် နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေဆီ ခိုလှုံပြီး စစ်ပညာတွေ သင်ယူခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၂၁ ခုနှစ် မေလကစလို့ အာဏာသိမ်းစစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး အပြင်းအထန် ခုခံတိုက်ခိုက်ပါတော့တယ်။

တဖက်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုကိုင်စွဲပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC တို့ ပေါ်ပေါက်လာခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးကို ဦးဆောင်မောင်းနှင်ခဲ့ကြပါတယ်။

မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီလိုလားမှုဆန္ဒ၊ GZ လူငယ်တွေရဲ့ ရဲစွမ်းသတ္တိရှိမှုနဲ့ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးရဲ့ကြိုးပမ်းမှုတွေကြောင့် မြန်မာ့နွေဦးတော်လှန်ရေးဟာ ရှေးယခင် အရေးတော်ပုံများလို ရပ်တန့်သွားခြင်းမရှိဘဲ ယခုလက်ရှိအချိန်အထိ ၃ နှစ်ကြာအောင် ခရီးဆက်နိုင်ခဲ့ပါတယ်။

ဒုတိယအခြေအနေကတော့ အဖက်ဖက်က အင်အားကြီးမားတဲ့ အာဏာသိမ်းစစ်တပ်ကို PDF တွေ ခံတိုက်နိုင်မလားဆိုတဲ့ကိစ္စပါပဲ။ စစ်ကောင်စီတပ်မှာ တိုက်ခိုက်ရေးအင်အား သိန်းနှင့်ချီရှိတယ်။ လေယာဉ်၊ တင့်ကား၊ သံချပ်ကာ၊ အမြှောက်၊ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ငွေကြေးကအစ ပြည့်စုံတယ်။ သူတို့မှာ လူထု ထောက်ခံမှုတစ်ခု မရှိတာကလွှဲရင် ကျန်မာအကုန်ပိုင်ဆိုင်ထားပါတယ်။

PDF တွေမှာက မီးကျိုးမောင်းပျက် တူမီးသေနတ်လောက်ပဲ ရှိတယ်။ အာဏာသိမ်းစစ်တပ်ကို ခံချချင်တဲ့လူကများပြီး လုံလောက်တဲ့ လက်နက်ခဲယမ်း ရိက္ခာ ဘာမျှမရှိခဲ့။ ဒါကြောင့် စစ်တပ် ထောက်ခံသူတွေက PDF တွေ အုတ်နံရံကို ခေါင်းနဲ့ တိုက်နေတာလို့တောင် လှောင်ပြောင်ပြောဆိုခဲ့ကြတယ်။ စစ်တပ်ဟာလည်း အချိန် လပိုင်းလောက်နဲ့ လက်နက်ကိုင်ခုခံနေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီဒေသတွေကို အပြီးတိုင် ချေမှုန်း နိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။

ဒါပေမယ့် တကယ်တမ်း မြေပြင်မှာစစ်ခင်းကြချိန်မှာ တိုင်းရင်းသားတော်လှန်ရေးတပ် – ERO တွေရဲ့ ကွပ်ကဲမှုနဲ့အတူ GZ လူငယ်တွေဟာ စစ်ကောင်စီတပ်ကို အကောင်းဆုံးခုခံနိုင်ခဲ့သလို အချိန်တို အတွင်းမှာပဲ မိုင်းမျိုးစုံ၊ ရှော့တိုက်ဒုံး၊ လက်လုပ်သေနတ်တွေ ထုတ်လုပ်နိုင်ခဲ့သလို ဒရုန်းတွေသုံးပြီး ဗုံးကြဲနိုင်တဲ့အဆင့်အထိ တိုးတက်ရောက်ရှိခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာ ခုခံစစ်အဖြစ် တိုက်နေကြတဲ့ ERO နဲ့ PDF ပူးပေါင်းတပ်တွေဟာ ၂၀၂၂ မှာတော့ စစ်ကောင်စီတပ်တွေ အထိုင်ချတဲ့ ကင်းစခန်း၊ နောက်တန်းတပ်စခန်းနဲ့ ရဲစခန်းတွေကို တန်ပြန်တိုက်ခိုက်မှုတွေ ဆောင်ရွက်လာ နိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ PDF ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုဟာ ပိုမိုပြင်းထန်လာခဲ့သလို ဇူလိုင်လမှာတော့ ကရင် ပြည်နယ်က လက်ခတ်တောင်စခန်း၊ ကရင်နီဒေသက မယ်စဲ့စခန်းတွေကိုသိမ်းယူ တပ်စွဲတာတွေပါ လုပ်လာ နိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ အားလုံးသိကြတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာခဲ့ပြီး အာဏာသိမ်းစစ်တပ်ဟာ သမိုင်းတလျှောက် မကြုံဖူးတဲ့ သေကြေမှု၊ ထိခိုက်ပျက်စီးမှုနဲ့ လက်နက်ချအညံ့ခံမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

စစ်ကောင်စီတပ် အခုလိုအဆိုးဆုံးအခြေအနေအထိ ယိုင်နဲ့ပြိုလဲခဲ့ရတာဟာ ဒေသပေါင်းစုံက တိုက်ပွဲဝင်ခဲ့တဲ့ PDF တွေရဲ့ထိုးနှက်တိုက်ခိုက်မှုကနေ မြစ်ဖျားခံလာခဲ့တာ ဖြစ်ပါတယ်။ တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်းမှာ စစ်ကောင်စီတပ်က PDF တွေကို မဖြိုနိုင်ခဲ့ပဲ PDF တွေက စစ်ကောင်စီတပ်ကို ယိုင်နဲ့ စုတ်ပြတ်သပ်သွားအောင် လုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ စစ်တပ် ထောက်ခံသူတွေက “မင်းတို့ PDF တွေ သတ္တိရရှိရင် ပစ်ပြီး ထွက်မပြေးနဲ့ မြို့တစ်မြို့လောက် သိမ်းပြစမ်း” လို့ စိန်ခေါ်ကြပါတယ်။ အခုလက်ရှိ တော်လှန်ရေး (၃) နှစ်ပြည့်ချိန်မှာ PDF နဲ့ ERO တွေ သိမ်းပိုက်ထိမ်းချုပ် ထားတဲ့မြို့ပေါင်း (၃၆) မြို့ ရှိနေပြီ ဖြစ်ပါတယ်။

ဒေသအားဖြင့် ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီနဲ့ စစ်ကိုင်းဒေသက အရေးပါတဲ့မြို့တွေဖြစ်ပြီး စစ်ကောင်စီရဲ့တပ်စခန်းပေါင်း ၅၀၀ ကျော်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီကနေ ဒေါ်လာသန်း ဆယ်နဲ့ချီတန်ကြေးရှိတဲ့ လက်နက် ခဲယမ်းတွေကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲတော့ (၃) နှစ်တာ နွေဦးတော်လှန်ရေးခရီးကို ပြန်ကြည့်တဲ့အခါ ရင်းနှီးမှု၊ ပေးဆပ်မှုတွေ ကြီးမားခဲ့သလို လက်ရှိမှာလည်း ထိုက်သင့်တဲ့အောင်ပွဲတွေ ရရှိနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဓာတ်ပုံ-လူထုနွေဦး၊ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ
#Ayeyarwaddy_Times #အတွေးအမြင်ဆောင်းပါး