ဧရာဝတီတိုင်းမ်
သြဂုတ် ၄ ရက်

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်းပြီး တည်ဆဲ ရွေးကောက်ခံအစိုးရကို ဖြုတ်ချလိုက်တယ်။ ဒါပေမယ့် သူဦးဆောင်ပြီးဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီကို အစိုးရတရပ်အဖြစ် ဘယ်နိုင်ငံကမှ လက်မခံသလို အာဆီယံအဖွဲ့ကြီးကလည်း လက်မခံဘူး။ ဒါကြောင့် ဧပြီ ၂၄ ရက်နေ့မှာ အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ လုပ်တယ်။ အဲဒီပွဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း တက်ပြီးနားထောင်စေတယ်။ အဲဒီစည်းဝေးပွဲမှာ အဖွဲ့ဝင် အားလုံးလက်ခံတဲ့ ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ခဲ့တယ်။

အဲဒါတွေကတော့ (၁) မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှု ဖြစ်ပွားတာတွေ ရပ်ဆိုင်းဖို့ (၂) ဘက်နှစ်ဖက် ငြိမ်းချမ်းစွာ အဖြေရှာ၊ dialogue လုပ်ကြဖို့ (၃) ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် အာစီယံ ဥက္ကဌရဲ့ အထူးကိုယ်စားလှယ် ခန့်တာကို သဘောတူဖို့ (၄) AHA က တဆင့် လူသားချင်းဆိုင်ရာ အကူအညီ ပေးတာတွေကို လက်ခံဖို့ (၅) အထူးကိုယ်စားလှယ်နဲ့ အဖွဲ့ မြန်မာနိုင်ငံ သွားတာကို လက်ခံဖို့။

သံတမန်စကားလုံးတွေနဲ့ ဖော်ပြထားပေမယ့် ဘုံသဘောတူညီချက် ၅ ချက်ကတော့ ပထမဦးဆုံးအနေနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ ဖိနှိပ်နေတာတွေရပ်ဖို့ဆိုတဲ့ သဘော ဖော်ပြထားပြီးသား။ နောက် မင်းအောင်လှိုင်တို့ကို အသိအမှတ်မပြုဘူး၊ ဖြုတ်ချခံတွေနဲ့ အတိုက်အခံတွေနဲ့ပါ တွေ့ပြီး dialogue လုပ် အဖြေရှာ၊ အဲဒီကနေ ထွက်ပေါ်လာတဲ့ အစိုးရမျိုးကိုသာ အသိအမှတ်ပြုမယ့်သဘော။ ဒီကြားထဲ အာဆီယံ အထူးကိုယ်စားလှယ်က လုပ်စရာရှိတာ လုပ်နေချိန် လူသားချင်းဆိုင်ရာ အကူအညီပေးတာတွေကို လက်ခံပေးရမယ်လို့ ဆိုထားတာ။

အာဆီယံရဲ့ အဲဒီဆုံးဖြတ်၊တောင်းဆိုချက်ကို နောက်ပိုင်း အမေရိကန်၊ အနောက်နိုင်ငံတွေ၊ ဥရောပ သမဂ္ဂ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လက်ခံလာပြီး စစ်အာဏာသိမ်းသူတွေကို တောင်းဆိုတဲ့ ဘုံသဘောမျိုးတောင် ဖြစ်လာတယ်။ နောက် အဲဒါကို မင်းအောင်လှိုင် လက်ခံလာဖို့ အဆက်မပြတ် ဝိုင်းဖိအားပေးလာကြတယ်။

ပြောရရင် မင်းအောင်လှိုင်က အဲဒီ ၅ ချက်ကို သဘောတူချင်တာ မဟုတ်ဘူး။ ဒါပေမယ့် မတူဘူးလို့လဲ ဗြောင်မပြောရဲဘူး။ ဒါကြောင့် အချိန်ဆွဲတယ်။ နောက် သူ့ရဲ့ လမ်းပြမြေပုံ ၅ ချက်ဖြစ်တဲ့ သူ့ကိုယ်သူ အာဏာပြန်ရရေး လုပ်နေတဲ့လုပ်ငန်းကို မထိခိုက်တဲ့ အပိုင်းတွေကို ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး ကြေညာတယ်။ နောက်တော့ သူ့ကိုယ်သူ ဝန်ကြီးချုပ် အဖြစ် ကြေညာတယ်၊ ဖမ်းထားတဲ့ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်းများစွာကို မတရား အမှုတွေဆင်၊ တရားစွဲပြီး ထောင်ချဖို့ လုပ်နေတယ်။

အခြားတဖက်မှာတော့ ပြည်သူလူထုကြီးရဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်မှု ပေါင်းစုံတွေကြောင့် တိုင်းပြည်ကို သူအုပ်ချုပ်လို့ မရသေးဘူး၊ ဘဏ်စနစ်နဲ့ စီးပွားရေး ပြိုလဲနေတယ်၊ လက်နက်ကိုင် တိုက်ပွဲဆင်လာမှုတွေကိုလည်း ကောင်းကောင်း မနှိမ်နင်းနိုင်ဘူး၊ ကိုဗစ် ကိုင်တွယ်ရာမှာလည်း ပြည်သူအပေါ် စေတနာမထား၊ စီမံမှုညံ့ စတာတွေကြောင့် ကသောင်းကနင်းတွေ ဖြစ်ပြီး လူတွေ အများကြီးသေ ဆိုတာကြုံပြီး အကြပ်အတည်းမျိုးစုံ ဆိုက်နေတယ်။ ဒီအခြေအနေတွေကြောင့် တကမ္ဘာလုံးက ဝိုင်းပယ်ခံရတဲ့ အခြေအနေမရောက်အောင် ဒီတကြိမ် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး Mr Erywan Yusof ကို အာဆီယံ ကိုယ်စားလှယ်အဖြစ် ခန့်တာကို မပယ်ချတော့ပဲ မတတ်သာတဲ့အဆုံး သဘောတူလိုက်ရတာ။

ဘယ်လိုပဲ သဘောတူလိုက်ရ တူလိုက်ရ မင်းအောင်လှိုင်ဟာ သူ့အာဏာတည်မြဲရေး တိုင်းပြည် ဘယ်လောက် ပျက်ပျက် ဖိနှိပ်မှုတွေ ဆက်လုပ်ရင်း အာဆီယံ သဘောတူညီချက်ကို အချိန်ဆွဲတဲ့နည်း လုပ်ဦးမှာပါပဲ။

ပြည်သူတွေအနေနဲ့ တဖက်မှာ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးရဲ့ တောင်းဆိုချက် ဖြစ်လာတဲ့ အာဆီယံ တောင်းဆိုချက် ၅ ချက် လိုက်နာဖို့ မင်းအောင်လှိုင်တို့ကို ဖိအားပေးရာမှာ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတူ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အခြားတဖက်မှာတော့ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ မင်းအောင်လှိုင် ပြုတ်ကျ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆက်ပြီး တိုက်ပွဲဝင်သွားကြဖို့၊ တိုက်ပွဲဝင်နေကြသူတွေကို အားပေးကူညီကြဖို့ လိုပါတယ်။

ဓာတ်ပုံ – Internet
(သတင်းစာဆရာ စည်သူအောင်မြင့်၏ဆောင်းပါးကို မူရင်းအာဘော်အတိုင်း တင်ဆက်ဖော်ပြခြင်း ဖြစ်ပါတယ်။)