
ဧရာဝတီတိုင်းမ်
သြဂုတ် ၁ ရက်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်က နိုင်ငံ့အာဏာသိမ်းယူခဲ့သည်မှာ သြဂုတ်လ ၁ ရက်နေ့ဆိုလျှင် အချိန် ၆ လတင်းတင်း ပြည့်ပြီဖြစ်သည်။
ပြည်သူလူထုသည် ဖေဖော်ဝါရီ ၄ ရက်နေ့မှစတင်၍ ယနေ့အထိအာဏာသိမ်းစစ်ခေါင်းဆောင်များကို စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း နည်းအမျိုးမျိုးဖြင့် ဆန်ကျင်ဆန္ဒပြနေကြဆဲ ဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့အာဏာသိမ်းမှု အောင်မြင်စေရန် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းမျိုးစုံသုံး၍ တနိုင်ငံလုံးကို ဖိနှိပ်သော်လည်း ပြည်သူလူထုက ရပ်တန့်ခြင်းမရှိခဲ့ဘဲ နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးရေး၊ စစ်အုပ်ချုပ်ရေးအဆုံးသတ်၍ ဒီမိုကရေစီဖော်ဆောင်ပေးရေးကို အချိန် ၆ လကြာသည်အထိ တောင်းဆိုနေဆဲဖြစ်သည်။
ပြည်သူလူထုက အစောပိုင်းတွင် ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် အကြမ်းမဖက် ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို တိုင်းပြည်ဆူပူအောင် လုပ်ဆောင်သူများဟု စွပ်စွဲကာ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့်နောက် ပြည်သူများက လက်နက်စွဲကိုင်ကာ ခုခံတော်လှန်ခဲ့ကြသည်။
လူငယ်အများစုပါဝင်သော PDF တို့ကမြို့နယ်အများအပြား၌ စစ်အုပ်ချုပ်ရေးစနစ်ကို လက်နက်စွဲကိုင်ကာ ခုခံတော်လှန်နေသလို သန်းနှင့်ချီသော ပြည်သူများကလည်း သင်္ကြန်ပွဲ မဆင်နွှဲခြင်း၊ စစ်ကောင်စီ၏ကျောင်းများတွင် ကျောင်းမထားခြင်း၊ မီတာခအပါအဝင် အခွန်များ မပေးဆောင်ခြင်းစသည့် အကြမ်းမဖက် နည်းလမ်းများဖြင့် တော်လှန်ကြသည်။
ကျန်းမာရေး၊ ပညာရေးအပါအဝင် ဌာနပေါင်းစုံမှ သိန်းနှင့်ချီသောနိုင်ငံ့ဝန်ထမ်းများမှာလည်း အလုပ်ရာထူးနှင့် ခံစားခွင့်များ အဆုံးရှုံးခံ၍ CDM ပြုလုပ်ကာ အကြမ်းမဖက် တော်လှန်ဆန့်ကျင်မှုများကို အာဏာသိမ်း စစ်ကောင်စီ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
ဗိုလ်ချုပ်ကြီးနေဝင်း၏ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုများနှင့် နှိုင်းယှဥ်ပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက ပြည်သူလူထု ဆန့်ကျင်မှုကို အချိန်အကြာဆုံးနှင့် အပြင်းထန်ဆုံး ရင်ဆိုင်နေရတာလည်း ဖြစ်သည်။
ယခင်က နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးထောင်ချ၊ နေအိမ်အကျယ်ချုပ်ချကာ ထ်မ်းသိမ်းလိုက်သည်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများက ပြည်တွင်း၌ အရှိန်လျော့ကာ အင်အားချည့်နဲ့ သွားလေ့ရှိသည်။
၂၀၂၁ ခုနစ် အာဏာသိမ်းမှုတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်၍ ပြည်သူအများစု ချစ်မြတ်နိုးကြသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးလှုပ်ရှားသူ အများအပြားကို ဖမ်းဆီးထိမ်းသိမ်းခဲ့သည်မှာ ၆ လပြည့်ပြီဖြစ်သော်လည်း ပြည်သူများက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။
လက်ရှိကာလ၌ မြန်မာပြည်တွင် ပေါ်ပေါက်နေသည့် စစ်အာဏာရှင်စနစ် တော်လှန်ဆန့်ကျင်ရေးလှုပ်ရှားမှုများက ယခင်အခြေအနေများနှင့် သိသာစွာ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ သန်းပေါင်းများစွာသော ပြည်သူများ၏စိတ်တွင် “ငါတို့မျိုးဆက်တွေ စစ်အာဏာရှင်စနစ်ဆိုး၏ ဒုက္ခကို မခံစေရ၊ ငါတို့ခေတ်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရမည်”ဟူသော ဆုံးဖြတ်ချက်က ခိုင်မာနေပြီဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လကစတင်၍ ကိုဗစ်တတိယလှိုင်းက မြန်မာနိုင်ငံကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။ ပြည်သူသန်းနှင့်ချီ၍ ကိုဗစ်ကူးစက်ခဲ့သည်။ တက်စရာ ဆေးရုံမရှိ ရှုစရာအောက်စီဂျင် မလုံလောက်သည့်အခြေအနေများဖြစ်အောင် စစ်ကောင်စီက ဖန်တီးခဲ့သည်။ ကိုဗစ်ဒုက္ခ စစ်ကောင်စီပေးသောဒုက္ခဖြင့် ပြည်သူ ရာနှင့်ထောင်နှင့်ချီ၍ သေဆုံးခဲ့ကြသည်။
ဒီလို ဘဝနှင့်ချီသော နာကျင်မှုတွေက အာဏာသိမ်းစစ်ကောင်စီအပေါ် ပြည်သူက ပို၍နာကျည်းမုန်းတီးခဲ့ကြသည်။ စစ်အာဏာရှင်စနစ် ပြုတ်ကျမှ မိမိတို့ဘဝ အေးချမ်းမည်ဟူသော ယုံကြည်မှုများ ပိုမိုခိုင်မာစေခဲ့သည်။
သြဂုတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ အိမ်စောင့်အစိုးရအဖြစ် အမည်ပြောင်းခဲ့သည်။ အုပ်ချုပ်မည့်အဖွဲ့အစည်း ပုံသဏ္ဍာန်ကိုလည်း ပြောင်းလဲခဲ့သည်။
သို့သော် ပြည်သူများကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖြစ်စေ၊ အိမ်စောင့်အစိုးရ ဖြစ်စေ၊ မည်သည့်နာမည်ခံယူသည်ဖြစ်စေ အာဏာသိမ်း စစ်အုပ်စု၏အုပ်ချုပ်မှုနှင့် စီမံဆောင်ရွက်မှုများကို လိုက်နာမည်မဟုတ်ဘဲ နည်းမျိုးစုံဖြင့် ခုခံဆန့်ကျင်ကြမည်မှာ ကျိန်းသေသောအရာ ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ပြည်သူ့ဆန္ဒ မပါလျှင် ပြည်သူသဘောမတူလျှင် မည်သို့မျှ အုပ်ချုပ်၍ရမည်မဟုတ်သည့်အချက်ကို ကောင်းမွန်စွာ နားလည်သဘောပေါက်ဖို့ လိုအပ်နေပြီ ဖြစ်သည်။
အယ်ဒီတာ