ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

စစ်အာဏာသိမ်းပြီးနောက် လက်ရှိ ၂၀၂၁ ခုနှစ်အတွက် ခေါ်ယူသည့်တပ်မတော်(ကြည်း) ဗိုလ်လောင်းသင်တန်း(OTS)အပတ်စဥ် ၁၂၅ သို့ ဘွဲ့ရအရပ်သားများ ဝင်ရောက်လျှောက်ထားသူတစ်ဦးမျှ မရှိကြောင်း စုံစမ်းသိရှိရသည်။
ယခင် စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်းက ဖွင့်လှစ်ခဲ့သည့် OTS ဗိုလ်လောင်းသင်တန်းအပတ်စဥ်၁၂၄ သို့ ဘွဲ့ရအရပ်သားလျှောက်ထားသူ ၃၀၀ နီးပါး ရှိခဲ့သော်လည်း ယခုနှစ်အတွက် OTS ဗိုလ်သင်တန်း အပတ်စဥ် ၁၂၅ သို့ လျှောက်ထားသူ မရှိခြင်းဖြစ်ကြောင်း တပ်မတော် အသိုင်းအဝိုင်းထံမှ သိရသည်။
ယင်း ဗိုလ်လောင်းသင်တန်းအား ဘွဲ့ရအရပ်သားများအတွက် ကန့်သတ်ချက်မှာ အသက် ၂၃ နှစ်အောက် အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခု၏ မည်သည့်ဘွဲ့မဆို လျှောက်ထားနိုင်သည်ဟု သတ်မှတ်ထားသည်။
မည်သည့်ဘွဲ့မဆိုဟု သတ်မှတ်ထားသော်လည်း ရွေးချယ်ရာတွင် အဝေးသင်ဘွဲ့များဖြစ်ပါက ဥပဒေ နှင့် စီးပွားရေးဘွဲ့ကိုသာ အဓိကထားရွေးချယ်ပြီး ကျန် Institute ပညာရပ်ဘွဲ့များအား ဦးစားပေးရွေးချယ်ကြောင်း သိရသည်။
ယခုနှစ် OTS ဗိုလ်လောင်းသင်တန်း အပတ်စဥ် ၁၂၅ သို့ တပ်တွင်း သတ်မှတ်ချက်ပြည့်စုံသည့် ၁၀ တန်းအောင်၊ ဘွဲ့ရစစ်သည်များသာ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။တနိုင်ငံလုံးမှ စစ်သည် ၄၀၀ ခန့် ​ဝင်ရောက်ဖြေဆိုခဲ့ပြီး ယင်းတို့အထဲမှ လူ ၃၀၀ ခန့်ကို ဗိုလ်လောင်းသင်တန်းသားအဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်က Inservice (တာဝန်ထမ်းဆောင်ဆဲ အခြားအဆင့်စစ်သည်) တွေချည်းပဲ။ အပြင်က လျှောက်တဲ့ အရပ်သား မပါဘူး။ အရင်နှစ်တွေကဆို အရပ်သားလျှောက်တာ ၃၀၀ လောက် ရှိတယ်။ ကျွန်တော်တို့နဲ့ပေါင်းရင် ၇၀၀ ကျော်လောက် ဗိုလ်ရွေးဝင်ရတယ်။ အဲ့ဒီထဲကမှ ၃၀၀ နီးပါးလောက် ပြန်ရွေးတာ”ဟု ယခုနှစ် OTS ဗိုလ်လောင်းသင်တန်း ဝင်ရောက်ဖြေဆိုခဲ့ပြီး ဗိုလ်ရွေးဝင်ခဲ့သူ တပ်မတော်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ယခင်က ဗိုလ်လောင်းသင်တန်းလျှောက်ထား၍ စစ်ဗိုလ်လုပ်ရန် စိတ်ဝင်စားခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းခဲ့သည့် ဖြစ်စဥ်များနှင့် ပြည်သူလူထုအပေါ် ပြုမှုခဲ့သည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဗိုလ်သင်တန်း ဖြေဆိုဖို့ ရည်ရွယ်ချက် မရှိတော့ကြောင်း စီးပွားရေးဘွဲ့ရ လူငယ်တစ်ဦးက ပြောဆိုသည်။
“အရင်ကတော့ COVID-19 နဲ့ဆိုတော့ အလုပ်တွေဘာတွေလည်း ခေါ်တာရှားတယ်လေ။ ကျွန်တော်ကလည်း စစ်ဗိုလ်ကို ဝါသနာလည်းပါတယ်။ စစ်ဗိုလ်ဖြေမယ်ဆိုတဲ့ ရည်ရွယ်ချက်လေး ရှိတယ်။ အခု ဒီနိုင်ငံရေး အကြပ်အတည်းတွေနဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေက တပ်ထဲကလူတွေတောင် ထွက်ချင်နေကြတာ ဝင်ဖို့ဆိုတာတော့ ဘလိုမှမဖြစ်နိုင်တော့ဘူး”ဟု သူက ပြောဆိုသည်။
စစ်တပ်က လျှောက်လွှာခေါ်သည့် တပ်မတော်(ကြည်း) OTS ဗိုလ်လောင်းသင်တန်း အပတ်စဥ် ၁၂၅ သို့ အရပ်သားပြည်သူများ ဝင်ရောက်ဖြေဆိုခြင်းမရှိသလို စစ်တပ်က ချုပ်ကိုင်ထားသော ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့၏ ဒုရဲအုပ်လောင်းသင်တန်းများတွင်လည်း အပြင်အရပ်သား ဝင်ရောက်ဖြေဆိုသူ မရှိကြောင်း သိရသည်။
အရပ်သားဖြေဆိုလျှောက်ထားသူ မရှိသည်မှာ လက်ရှိဖွင့်လှစ်ဆဲ သင်တန်းနှင့် ယခုလအတွင်း ခေါ်ယူသည့် သင်တန်း ၂ ပတ်စဥ် ရှိပြီဖြစ်ပြီး ရဲတပ်ဖွဲ့တွင်းမှ ဖြေဆိုသူများသာရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။
“အရပ်သား ဒုရဲအုပ်လောင်းမပါတာ သင်တန်းဖွင့်ပြီးတဲ့ ရှေ့တစ်ပတ်စဥ်ရယ်၊ အခု ဒီလထဲခေါ်တဲ့ အပတ်စဥ်ရယ်ပေါ့။ အရပ်သားမပါတော့ လူနည်းသွားတာပေါ့။ ဖြေတဲ့သူတွေတော်တော်များများ ပါဖို့ ရာခိုင်နှုန်း သေချာသလောက်ရှိနိုင်တယ်”ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ​ပြောပြသည်။
ယခုလအတွင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများမှ စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္က သိုလ်၊ စစ်ဆေးတက္ကသိုလ်များအတွက် ဗိုလ်လောင်းအလိုရှိကြောင်း ခေါ်ယူထားပြီး ယခုအချိန်အထိ ဝင်ခွင့်လျှောက်လွှာများ လက်ခံနေဆဲဖြစ်ကယ လျှောက်ထားသူနည်းပါးနေကြောင်း တပ်မတော်အသိုင်းအဝိုင်းထံက သိရသည်။
ဗိုလ်လောင်းသင်တန်း၊ ဒုရဲအုပ်လောင်းသင်တန်းများသို့ အရပ်သား လျှောက်ထားသူများ မရှိသလောက် နည်းပါးနေသလို အောက်ခြေစစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ လူသစ်စုဆောင်း ရသည်မှာလည်း ယခင်ကပင်ရှာဖွေရခက်ခဲခဲ့ပြီး ယခု စစ်အာဏာသိမ်းပြီးနောက် စုဆောင်းရေးလုပ်ရသည်မှာ ပိုမိုခက်ခဲနေကြောင်း စစ်သား စုဆောင်းရေး လုပ်ဆောင်နေသူများက ပြောသည်။
“လူသစ်ရှာရတာ အရင်ကတည်းက ခက်ခဲနေတာ အခုဆို ပိုလို့တောင် ခက်နေပြီ”ဟု စစ်သားစုဆောင်းရေးလုပ်ဆောင်နေသူ တပ်မတော်သားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ စစ်တပ်အရာရှိနှင့် ရဲတပ်ဖွဲ့ အရာရှိသင်တန်းများသို့ အရပ်သားများ ဝင်ရောက်လျှောက်ထားသူ မရှိသည့်အခြေအနေက တပ်မတော်သမိုင်းတလျှောက် မကြုံဖူးသော အခြေအနေဖြစ်သည်ဟု စစ်ဘက်အသိုင်းအဝိုင်းက ပြောဆိုကြသည်။
တပ်မတော်ဗိုလ်လောင်းနှင့် ရဲအရာရှိလောင်းများကို အရပ်သားလူငယ်များ ဘာကြောင့် မလျှောက်ကြသလဲဟု အဖြေရှာကြည့်လျှင် ဖေဖော်ဝါရီ အာဏာသိမ်းမှုကြောင့်ဟု လူငယ်များနှင့် မိဘများက ပြောဆိုကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ပြည်သူမဲပေးတင်မြှောက်ထားသော နိုင်ငံ့ခေါင်းဆောင်၊ အစိုးရခေါင်းဆောင်များကို ဥပဒေမဲ့ ဖမ်းဆီးအကျဥ်းချသည်။ ငြိမ်းချမ်းစွာဆန္ဒပြသူများကို လူငယ်လူကြီး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များပါမရှောင် ကျည်အစစ်ဖြင့် ပစ်သည်။ စနိုက်ပါဖြင့် ခေါင်းကို ပစ်သတ်သည်။ ပြည်သူတို့၏ ပစ္စည်းများကို ရိုက်ချိုးဖျက်ဆီးသည်။ လုယက်သည်။ ရွာတွေကို မီးရှို့သည်။
၎င်းတို့ လိုချင်သည့်လူမတွေ့လျှင် တွေ့တဲ့လူ ဖမ်းသည်။ ပြည်သူများကို ဖမ်းဆီးစစ်ဆေးပြီး စစ်ကြောရေး၌ နှိပ်စက်သတ်ဖြတ်သည်။ ထို့ကြောင့်”မနက်အကောင်း ညအလောင်း၊ ညနေအကောင်း မနက်အလောင်း”ဆိုသောစာချိုး ထွက်သည်အထိ ကမ်းကုန်အောင် ရက်စက်သည်။
နှိပ်စက်သတ်ဖြတ်ခံရသူတချို့ဆိုလျှင် မိသားစုမှာ အလောင်းပင်ပြန်မရ။ စစ်တပ်ကပဲ မီးရှို့သဂြိုလ်ပစ်သည်အထိ လူ့အသက်ကို ဖက်ရွက်လို သဘောထားခဲ့သည်။ ဒါတွေက မြန်မာပြည်မှာ လွန်ခဲ့သော ၅ လအတွင်း အမှန်တကယ်ဖြစ်ခဲ့သောအရာတွေဖြစ်သည်။
“သမိုင်းကြောင်းအရ ၁၉၆၂ နဲ့ ၁၉၈၈ အာဏာသိမ်းမှုတွေမှာ စစ်တပ်က ​ကျောင်းသားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေ ရှိခဲ့တယ်။ အဲဒါတွေအပြင် ၂ဝ၂၁ အာဏာသိမ်းမှုမှာ တပ်မတော်က အရင်ထက်ဆိုးတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ထပ်ကျူးလွန်ခဲ့တဲ့အတွက် ပြည်သူလူထုက အရမ်းစိတ်နာသွားတယ်။ နာကျည်းသွားတယ်။ အဲဒီအကျိုးဆက်ကြောင့် ပြည်သူက အခုလို စစ်တပ်နဲ့ရဲဆို ဝေးဝေးရှောင်ကြတဲ့အခြေအနေတွေ ဖြစ်လာတာပဲ”ဟု ပုသိမ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုသည်။