ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာရှိတဲ့ အစိုးရ မြန်မာ့စီးပွားရေးဘဏ်တွေကနေ ငွေသားအလုံအလောက် ထုတ်မပေးနိုင်တဲ့အတွက် တနိုင်ငံလုံးမှာရှိတဲ့ အစိုးရတင်ဒါ ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးနီးပါး ရပ်ဆိုင်းနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံက သိရပါတယ်။
NLD အစိုးရလက်ထက် တင်ဒါခေါ်ယူခဲ့တဲ့ ကျောင်း၊ တက္ကသိုလ်၊ ရုံး၊ လမ်း၊ ဆေးရုံနဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေတည်ဆောက်ရေးမှာ တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီတချို့တွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ပေမယ့် ကုမ္ပဏီတချို့ကတော့ မတ်လထဲမှာ လုပ်ငန်းတွေ ပြန်လည်စတင်ခဲ့ကြပါတယ်။
လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းအလိုက် သက်ဆိုင်ရာဌာနတွေကို တင်ပြပြီး ငွေကြေးတောင်းခံချိန်မှာ ဌာနတွေက ချက်လက်မှတ်နဲ့ ငွေချေပေမယ့် အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်မှ ငွေထုတ်ချိန်မှာ ငွေသားအလုံအလောက် ထုတ်မပေးနိုင်တဲ့ပြဿနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်တွေက ချက်လက်မှတ်ထဲက ငွေပမာဏ အတိုင်း ငွေသားထုတ်မပေးနိုင်ဘဲ တပတ်ကို သိန်း ၅ဝ ထုတ်ပေးရာကနေ မေလထဲမှာ တပတ်ကို သိန်း ၃ဝ သာ ထုတ်ပေးနိုင်ပါတော့တယ်။
မေလကုန်ပိုင်းအရောက်မှာတော့ ၂ ပတ်ကိုမှ ငွေသားသိန်း ၃ဝ ပဲ ထုတ်ပေးတော့မယ်လို့ မြန်မာ့စီးပွားရေးဘဏ်တွေက သတ်မှတ်ချိန်မှာ တင်ဒါဆောက်လုပ်ရေးလုပ်ငန်းတွေ အားလုံးနီးပါးရပ်ဆိုင်းသွားတယ်လို့ ရန်ကုန်မြို့က တင်ဒါအောင်မြင်ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံက သိရပါတယ်။
“ဌာနက ချက်လက်မှတ်နဲ့ ထုတ်ပေးတဲ့ငွေက်ု ဘဏ်တွေက တပတ်မှ သိန်း ၅ဝ ပဲ ထုတ်ပေးတယ်။ နောက်တော့ တပတ်ကို သိန်း ၃ဝ ပဲ ထုတ်ပေးမယ်လုပ်ရော။ အဲဒီနောက်ပိုင်း ၂ ပတ်မှ သိန်း ၃ဝ ပဲ ထုတ်ပေးမယ်လည်းဆိုရော ဘယ်သူမှကို လုပ်ငန်းဆက်မလုပ်နိုင်ကြတော့ဘဲ အကုန်ရပ်ထားကြတော့တာ”လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အစိုးရတင်ဒါ ဆောက်လုပ်ရေးလုပ်ငန်းတွေကို မြန်မာ့စီးပွားရေးဘဏ်တွေက ငွေသားထုတ်မပေးနိုင်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး နေပြည်တော်မှာ ဇွန်လ ဒုတိယပတ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေ၊ ဗဟိုဘဏ်တာဝန်ရှိသူတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ညှိုနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပေမယ့် တိကျတဲ့အဖြေ ထွက်မလာခဲ့ပါဘူး။
“နေပြည်တော်မှာ အစည်းအဝေးလုပ်တော့ လုပ်ငန်းရှင်တွေဘက်က ဘဏ်ကငွေထုတ်မရတဲ့အခက်အခဲတွေကို တင်ပြတယ်။ ဒါပေမယ့် သူတို့က ဘာအဖြေမှ မပေးဘူး”လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
နိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဇွန်လ ၁၆ ရက်နေ့က ထုတပြန်တဲ့ ညွှန်ကြားစာမှာ အစိုးရတင်ဒါအောင်မြင်တဲ့ လုပ်ငန်းရှင်တွေကို ငွေပေးချေရာမှာ ဘဏ်တွေအနေနဲ့ လုပ်ငန်းရှင်ရဲ့ ငွေစာရင်းအကောင့်
ထဲကို စာရင်းလွှဲပြောင်းပေးတာ၊ ချက်လက်မှတ်နဲ့ ငွေချေတာပဲ ပြုလုပ်ဖို့ မြန်မာတနိုင်ငံလုံးက ဘဏ်တွေကို ညွှန်ကြားထားပါတယ်။
“ဗဟိုဘဏ် ညွှန်ကြားတာက တင်ဒါအောင်တဲ့သူတွေကို ငွေချေရာမှာ ဘဏ်ကနေ လုပ်ငန်းရှင်အကောင့်ထဲ ငွေစာရင်းပဲ လွှဲပေးဖို့၊ ချက်လက်မှတ်နဲ့ ငွေပေးဖို့ ညွှန်ကြားတာ။ ငွေသားထုတ်ပေးဖို့ မဟုတ်ဘူး။ သူတို့က ငွေစာရင်းပဲ လွှဲပေးတော့ အဲ့ပိုက်ဆံတွေ ဘယ်ကနေ ပြန်ထုတ်ရမလဲ။ ငွေသားထုတ်လို့ရမှအလုပ်သမားခနဲ့ တခြားစရိတ်တွေ ရှင်းလို့ရမှာလေ။ အဲ့လိုလုပ်လို့ တင်ဒါဆောက်လုပ်ရေးတွေ အကုန်ရပ်ကုန်တာ”လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုရဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
တင်ဒါလုပ်ငန်းများနဲ့ ပတ်သတ်ပြီး မြန်မာ့စီးပွားရေးဘဏ်တွေက ငွေသား အလုံအလောက် ထုတ်မပေးနိုင်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ် ဒါဥက္ကဌ ဒေါ်သန်းသန်းဆွေကို ဧရာဝတီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။
မြန်မာ့စီးပွားရေးဘဏ်တွေ ငွေသားအလုံအလောက် ထုတ်မပေးနိုင်လို့ အစိုးရတင်ဒါ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အတွက် ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်က အခြေခံအောက်ခြေအလုပ်သမားတွေကနေ အကြီးတန်းအရာရှိများအထိ အလုပ်လက်မဲ့ဖြစ်ကုန်ကြသလို တချို့တွေကလည်း သက်ဆိုင်ရာ နယ်မြို့တွေကို ပြန်ကြတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ အလုပ်ရှင်က အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ဆောက်သေးတယ်။ ဘဏ်ကငွေထုတ်မရတော့ အခုတော့ ဆောက်နေတာတွေကို အကုန်ရပ်ပစ်လိုက်ပြီ။ လုပ်ငန်းရပ်တော့ အလုပ်သမားတွေလည်း နယ်တွေပြန်တဲ့လူတွေ ပြန်ကြတယ်”လို့ ရန်ကုန်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရဲ့ အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်တိုင်းလိုပဲ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက အစိုးရတင်ဒါ ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာလည်း ဘဏ်ကနေ ငွေထုတ်မရလို့ အခက်အခဲတွေဖြစ်ပြီး လုပ်ငန်းတွေ ရပ်ဆိုင်းနေတယ်လို့ သိရပါတယ်ဖယ
“ဧရာဝတီတိုင်းက အစိုးရတင်ဒါ အဆောက်အဦးတွေလည်း အကုန်ရပ်ကုန်ပြီ။ ဘဏ်က ငွေထုတ်ပေးတာ အရမ်းနည်းတော့ ဘယ်လိုမှ ဆက်မဆောက်နိုင်ကြတော့ဘူး”လို့ ဟင်္သာတခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်က အစိုးရဘဏ်တွေ ငွေမထုတ်ပေးနိုင်လို့ တင်ဒါအဆောက်အဦးတွေကို ငွေစိုက်ပြီးဆောက်ထားတဲ့ လုပ်ငန်းရှင်တွေဟာ လက်ရှိမှာ အဆောက်အဦးတွေထဲ ငွေတွေနစ်မြုပ်ပြီး လုပ်ငန်းရှင်တချို့ဆိုရင်လည်း ပေးစရာအကြွေးတွေ ဝိုင်းနေတဲ့ အနေအထား ကြုံနေရပါတယ်။
“ဘဏ်ငွေတွေ ထုတ်မရလို လုပ်ငန်းတွေရပ်ကုန်တော့ တချို့ဆိုရင် သစ်ဖိုးတွေ၊ ဘိလပ်မြေ၊ သွပ်၊ သံတွေ အကြွေးနဲ့ယူထားတာတွေရှင်းပေးဖို့ အခက်အခဲတွေ ဖြစ်နေတယ်။ ငွေတွေကလည်း အဆောက်အဦးထဲမှာ မြုပ်နေတော့ ဘယ်လိုမှ မလုပ်တတ်ဘူး ဖြစ်နေတာ။ တင်ဒါသမားတွေက မြေပြင်မှာ အဆောက်အဦးကို ရာခိုင်နှုန်းများများပြီးအောင် ဆောက်ကြတယ်။ ၅ဝ ရာခိုင်နှုန်းပြီးချိန်ကျမှ အစိုးရဆီမှာ ၂၅ ရာခိုင်နှုန်း သွားထုတ်ကြတာ။ အဲတော့ အခုငွေထုတ်မရသူတွေက မြေပြင်မှာ အဆောက်အဦးတွေက ၅ဝ ရာနှုန်းပြီးတာတောင် ငွေက ၂၅ ရာနှုန်းက ထုတ်မရတော့ ထိခိုက်မှုက အရမ်းများတယ်။ မဆောက်ဘဲရပ်ထားရင်လည်း ရင်းနှီးထားတဲ့ငွေတွေ ပြန်မပေါ်မှာစိုးရ၊ ရှိတာတွေ
ထပ်ထည့်ပြီးဆောက်ရင်လည်း ငွေထုတ်မရခဲ့ရင် ပိုးဆိုးမယ်။ အဲတော့ ဆောက်လုပ်ရေးသမားတွေမှာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေတယ်”လို့ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်က တင်ဒါဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တဲ့နောက် မြန်မာ့စီးပွားရေးဘဏ်တွေရော ပုဂ္ဂလိကဘဏ်တွေပါ ငွေကြေးစီးဆင်းမှုတွေ ပြတ်တောက်ခဲ့ပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဘဏ်တွေအပေါ် လူတွေယုံကြည်မှုလျော့နည်းကုန်ပြီး ပြည်သူအများအပြားဟာ ဘဏ်အပ်ငွေတွေကို ပြန်လည်ထုတ်ယူကြပါတယ်။
ဘဏ်တွေက သူတို့ဘဏ်မပြိုလဲအောင် ငွေကို အကန့်အသတ်နဲ့ ထုတ်ပေးတာတွေ လုပ်ခဲ့လို့ ငွေအပ်သူ ပြည်သူတွေမှာ ကိုယ့်ငွေနဲ့ကိုယ် ဒုက္ခရောက်နေကြသလို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေမှာလည်း ငွေကြေးကြပ်တည်းပြီး လုပ်ငန်းလည်ပတ်ဖို့ ကြီးမားတဲ့အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
နိုင်ငံတော်အာဏာ သိမ်းယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီဟာ ဒီလို စီးပွားရေးတွေကြပ်တည်း၊ လူအများအပြား အလုပ်လက်မဲ့ဖြစ်ကြရတဲ့ အခြေအနေတွေကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတဲ့အတွက် မြန်မာပြည်သူတွေ ဒုက္ခပင်လယ်ကြောမှာ မျောနေကြဆဲ ဖြစ်ပါတယ်။