
ရေးသူ – နေဝန်းနီ
NUG အနေနဲ့ မြန်မာနိုင်ငံအတွင်းက ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုတာ ကြေညာပြီးတဲ့နောက်မှာ အရေးပေါ် လုပ်ဆောင်ဖွယ်ရာတွေကို ဆက်လုပ်ဖို့ ပျက်ကွက်နေတာ တွေ့ရတယ်။
ဒေသဆိုင်ရာ ကာကွယ်ရေးအဖွဲ့တွေကို အခုဖွဲ့လိုက်တဲ့ တိုင်းစစ်ဒေသကြီး ၅ ခုအောက် ဘယ်လို သွပ်သွင်းမလဲဆိုတာကို အရင်ဆုံး ပြည်သူတွေက သိချင်ကြပြီ။
လက်နက်စွဲကိုင် တော်လှန်ရေး လုပ်တာဟာ တနေရာ တဒေသထဲ တထီးတနန်း လုပ်မရဆိုတာ မင်းတပ်တော်လှန်ရေးက သံချောင်းခေါက်ခဲ့ပြီ။ သက်ဆိုင်ရာ ဒေသတွေ စုပေါင်းမှုကို မဖြစ်မနေလုပ်ကြရမည်။
သို့သော် ဘယ်လိုစုပေါင်းရမည်နည်း။ ဘယ်လိုဦးဆောင်ရမည်နည်း။ ဘယ်သူက ဦးဆောင်ရမည်နည်း။ ဘယ်လို ဗျူဟာချမည်နည်း။ ဆိုတော့ မေးခွန်းတွေကို ရှင်းလင်း ရပေမည်။
ထိုအဖြေကို ပြည်သူအများ သိစေရေးအတွက် နည်းလမ်းတခုခု ရှာဖွေ ဖော်ဆောင်ရပေမည်။ တောတွင်း တော်လှန်ရေးနှင့် မြို့ပေါ် တော်လှန်ရေး ကွဲခြားချက် များစွာရှိသည်။
နယ်မြေတွင်း ပြည်သူများ ဘေးမခအောင် စီစဥ်မှု၊ ဖြတ်လေးဖြတ်ကို အံတုဖို့ ပြင်ဆင်မှု၊ ထောက်ပို့ရေး လမ်းကြောင်း အလုပ်မစခင်ထဲက စီစဥ်ရမည်။
ထိုသို့ လုပ်နေစဥ် တပြိုင်ထဲ မဖြစ်မနေ ကြိုတင်ပြင်ဆင်ရမည်က ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့တရားစီရင်ရေးနှင့် ပြည်သူ့လုံခြုံရေး အပိုင်းပင်ဖြစ်သည်။
ထို ၃ ခုသည် တော်လှန်ရေးထက် ပိုမိုသိမ်မွေ့သည်။ နက်နဲသည်။ အတိမ်းအစောင်းမခံပေ။
ပြည်သူအားလုံးကို သမာသမတ်ကျကျ၊ နည်းလမ်းတကျနှင့် ဒီမိုကရေစီ လူ့ဘောင်နှင့် မသွေဖယ်ရေးကို ဦးတည်ရမည်။ ထို ၃ ခုလုံးသည် အောက်ခြေအဆင့်ထိ ပြည်သူများနှင့် အနီးကပ်ဆုံး အဆင့်ပင်ဖြစ်သည်။ ပြည်သူအများအပေါ် စီမံရမည့်အတွက် သဘောထားမတူညီသည့် လူတန်းစား အသီးသီးနှင့် ကိုက်ညီသည့် စံတခုဖြစ်ဖို့အရေးကြီးသည်။ တခုချင်းစီ ထုတ်နှုတ်တင်ပြပါမည်။
ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုသည် ပြည်သူ့ တော်လှန်ရေးအဖွဲ့နှင့် ရောထွေး၍ မရပေ။ အုပ်ချုပ်ရေးအဖွဲ့နှင့် တော်လှန်ရေးအဖွဲ့ ရောထွေးနေလျှင် စစ်အာဏာရှင် စနစ်ကိုပင် မွေးဖွားပေးရာ ရောက်မည်။ တော်လှန်ရေးအဖွဲ့က ဘုံရန်သူဟု သတ်မှတ်ထားသူများကို လက်နက်ကိုင် တော်လှန်နေချိန် အုပ်ချုပ်ရေးအဖွဲ့က အဆိုပါ ဒေသတွင်းရှိ ပြည်သူ့ဘဝ တည်ငြ်မ်ရေးအတွက် လူမှုကူညီရေးများ၊ ရိက္ခာဖြန့်ဝေရေးများကအစ ကဏ္ဍအသီးသီးကို စီမံဆောင်ရွက်ရပေမည်။
ထို့အတူ ပြည်သူ့လုံခြုံရေးအဖွဲ့အနေနဲ့ ထိုဒေသတွင်းရှိ ဖြစ်ပေါ်လာမည့် ဥပဒေရေး စိုးမိုးရေး၊ ပဋိပက္ခဖြေရှင်းရေး၊ ဘက်မတူသော(ဒလံဟု သတ်မှတ်ခံထားရသူ) သူများအတွက်ပါ အသက် အိုးအိမ်လုံခြုံရေး၊ အမှုအခင်း ဖြေရှင်းရေး စသည်တို့အားလုံး ကိုင်တွယ်ရပေမည်။
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့နှင့် လုံခြုံရေး အဖွဲ့တို့ကို ပူးပေါင်းမည်၊ တဖွဲ့ဖွဲ့လက်အောက်တွင် ထားရှိမည်ဆိုလျှင် မြန်မာနိုင်ငံ၏ နှစ် ၇၀ ကျော်ကြာ ခါးစည်းခံခဲ့ရသည့် စစ်အာဏာရှင် စနစ်နှင့် ထူးခြားမည်မဟုတ်။
ထိုသို့လုပ်ဆောင်မှုတွင် မပါမဖြစ်ရှိရမည်က ပြည်သူ့တရားစီရင်ရေးပင်ဖြစ်သည်။ ထိုအရာမရှိပါက ဒေသတွင်း တည်ငြိမ်ရေးနှင့် မျှတသော တရားဥပဒေ၏ အကာအကွယ်ကို ပြည်သူများ ခံစားရမည်မဟုတ်ပေ။
စစ်အာဏာရှင်၏ စနစ်ဆိုးများကို ပြည်သူအများ ခါးစည်းခံနေရသည့် အခြေအနေကို ပြောင်းလဲနိုင်မှသာ ဒေသတွင်း တော်လှန်ရေးအပေါ် ပြည်သူအများက ထောက်ခံလာမည်ဖြစ်သည်။ ပြည်သူ့ထောက်ခံမှု ရမှသာ တော်လှန်ရေးက အောင်မြင်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် လက်တလော အရေးပေါ် အခြေအနေအရ တစုံတခုကို ဆောင်ရွက်ရမည် ဆိုသော်လည်း ထိုအချက်များကို မပါမဖြစ် ထည့်သွင်းရမည်၊ ကာလတို ကာလရှည် စီမံရမည်။
ယခု NUG အစိုးရ ဖွဲ့စည်းပြီး ဝန်ကြီးဌာနများ ဖွဲ့စည်းခြင်း၊ ဖယ်ဒရယ်တပ်မတော် ပြင်ဆင်ခြင်းများ ပြုလုပ်နေသော်လည်း ယခုထောက်ပြသည့် အချက်များကို မတွေ့ရှိရသေးပေ။ ထိုအချက်များ မပြင်ဆင်လျှင် တကယ့်လက်တွေ့ရင်ဆိုင်ရချိန်တွင် တော်လှန်ရေး ပြည်သူများအကြား သွေးချောင်းစီးမှု ဖြစ်မလာနိုင်ပါဟု အာမခံနိုင်မည်လားက မေးခွန်းထွက်ပေါ်လာလိမ့်မည်။
ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး ဧရာတီတိုင်းမ် သတင်းဌာန၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်သည်။
အယ်ဒီတာအဖွဲ့