ရေးသူ – နေဝန်းနီ

ဆိုရိုးစကားတခု သတိရမိသည်။ “အာဏာနဲ့ တည်ဆောက်တဲ့ ဧကရာဇ် လူ့ဘောင်ဆိုသည်က ပလ္လင်ကို သွေးနဲ့ဆေးပြီး မြို့ရိုးကို လူ့အရိုးနဲ့တည်ဆောက်ကြစမြဲမို့ အဆန်းတကျယ်တော့ မဆိုချင်တော့ဘူး”

လူပေါင်း ၈၀၀ နီးပါး သေဆုံးခဲ့ပြီ။ အဏာရှင်တို့၏ လက်ပါးစေများ၏ အတွင်းသရုပ်ကိုလည်း ပြည်တွင်းသာမက ပြည်ပအထိ ပျံ့နှံ့ပေါ်လွင်ခဲ့ရပြီ။ အောက်ခြေဝန်ထမ်းများရဲ့ အလွန်အကျွံလုပ်ရပ်က ခေါင်းဆောင်ပိုင်းတွေက တာဝန်ခံနေရပြီ။ ငါတို့မသိ ငါတို့က အဲ့လောက်မလုပ်ခိုင်း မပြောဟု လုပ်မရတော့ပေ။

အနော်ရထာမင်းစောက ဆိုးသွမ်း တာဝန်ပျက်တဲ့မြေးတော် နှစ်ယောက်ကို ဆုံးမခိုင်းတာမှာ ကြည့်မရတဲ့အမတ်တွေက ဆုံးမတာ ခြေလွန်လက်လွန်နဲ့ သေဆုံးခဲ့ရတဲ့ ကိုယ်တော်ကြီး ကိုယ်တော်လေးတို့တောင် နောက်ဆုံးတာဝန်ခံရတာက အနော်ရထာမင်းပင်။
အဆက်ဆက်သော တပ်မတော်ခေါင်းဆောင်များ အစဉ် ပြောသည့်စကားက ပြည်သူ့အပေါ် ဘယ်တော့မှ သစ္စာမဖောက်ဆိုသော်လည်း အာဏာနှင့်ပက်သက်လျှင် လိုအပ်က နယ်မြေရှင်းလင်းပွဲ ဆင်နွှဲတာ မြန်မာ့ခေတ်အဆက်ဆက် သမိုင်းက အထင်အရှားပင်ဖြစ်သည်။
လုံခြုံရေး အမြင်တခုထဲဖြင့် တိုင်းပြည်ကို မင်းလုပ် အုပ်ချုပ်မှုသည် သက်ဦးဆံပိုင် ပဒေသရာဇ်တို့၏ သဘောသဘာဝ စရိုက်များသာဖြစ်သည်။ ထိုစရိုက်​​က ငါ၏ညီဖွား ဆွေမျိုးများပင်ဟု သဘောမထားနိုင်၊ ငါ၏ပြည်သား ရင်သွေးများပင်ဟု မယူဆကြတော့။

ယနေ့ အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းစအချိန်ထဲက နိုင်ငံရေး အရှုံးသမားများကို လက်တွဲကာ စစ်တပ်တခုထဲ ဖွဲ့စည်းထားတဲ့ ကောင်စီမဟုတ်ဟု သရုပ်ပြပေမယ့် ပြည်သူတွေ အလိုမရှိလို့ နိုင်ငံရေးဘဝ ခွက်ခွက်လန် ရှုံးနေကြသူတွေဖြစ်လေတော့ ပွဲထွက်ထဲက အစမကောင်းခဲ့ပေ။
“တပ်မတော်သာအမိ တပ်မတော်သာအဖ” ဟု နှစ်ပေါင်းများစွာ အုပ်ချုပ်လာသော တိုင်းပြည်က ခေတ်နောက်ပြန်ဆွဲ အဆင်းရဲဆုံး ချွတ်ခြုံကျနေမှုကို မလိုချင်တော့သည့် ပြည်သူများ၏ အကြိမ်ကြိမ်တွန်းလှန်ခြင်း ကြုံခဲ့ရပုံကို သင်ခန်းစာယူဖို့ကောင်းသည်။

“ပြည်သူသာအမိ ပြည်သူသာအဖ” ဘဝကို မွေးဖွားလာချိန် မြန်မာ့ဒီမိုကရေစီ သမီးကလေး လေးဘက်ထောက်ရာက မတ်တပ်စမ်းချိန် ခြေထောက်ရိုက်ချိုးခံလိုက်ရသလို ဖြစ်ရပ်က ယခုစစ်ကောင်စီရင်ဆိုင်နေရသည့် သောကများပင်ဖြစ်သည်။
သေဆုံးခဲ့ကြရသည့် လူငယ်များ ကလေးငယ်များ၏ မိသားစုများရင်ထဲက သောကသည် ခံပြင်းမှု မကျေနပ်မှုများ ဖုံးလွှမ်းနေခြင်းသာဖြစ်ပေမယ့် စစ်ကောင်စီ၏ ရင်ထဲက သောက အိပ်မနိုင် စားမရ ပရိဒေဝမီးက နှိုင်းပြစရာ မရှိနိုင်ပေ။ အပေါ်ယံ သကာဖုံးပေမယ့် တအုံငွေ့ငွေ့က ဆူးခက်နှင့် အရိုက်ခံရသည်ထက် ပိုဆိုးသည်။

ပြည်သူကိုချစ်ပါသည်ဆိုသော စစ်ကောင်စီ၏ အချစ်က အဘယ်သို့နည်း။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ စစ်မှန်ခြင်း မစစ်မှန်ခြင်း စည်းကမ်းကို သတ်မှတ်ခြင်းက ဘယ်သူက ဆုံးဖြတ်မည်နည်း။
ဒီမိုကရေစီစနစ်ဆိုသည်က အာဏာကို ပြည်သူ့ထံမှဆင်းသက်သလို သတ်မှတ်ချက်အားလုံး စည်းကမ်းအားလုံးကလည်း ပြည်သူ့ထံမှ သက်ဆင်းရေးက အထူးလိုအပ်မည်ဟု ယူဆသည်။

မိမိလုပ်မှပင် အကောင်းဖြစ်တော့မည်၊ မိမိကိုင်မှပင် ရေဖြစ်တော့မည်ဆိုသည့် အတ္တကို အခြေခံပြီး သမိုင်းပေးတာဝန်အရဟု သမိုင်းကိုပုံချ၍ မရ။ ကနေ့ခေတ်ပြည်သူများက မအကြတော့ပေ။ ကနေ့ပြည်သူများသည် လူလားမြောက်လာကြပြီ။
ဥပမာပြုရရင် ကျနော်တို့ ငယ်စဉ်က ပုခတ်လွှဲသိပ်သည့် မိဘများ၏ အလေ့အကျင့်တခုကြောင့် ကြမ်းပြင်ပေါ်ချ သိပ်သည့်အခါ ငိုကြီးချက်မ ဖြစ်လာသည်။ ပုခတ်မှ အိပ်ရကောင်းသည်ဟု ကလေးများအသိစွဲခဲ့သည်။ သို့သော် အရွယ်ရောက်သည့်အခါ စေ့စေ့တွေး ရေးရေးမြင်သလို ပုခတ်လွှဲသဖြင့် မူးဝေကာ အိပ်စေသည်ကို သိလာကြပြီ။ ကလေးမြန်မြန်အိပ်တော့ မိဘများလည်း အိမ်မှု့တာဝန်ကို ကြောင်းကြမဲ့ လုပ်ဖို့ အခွင့်ရစေသည်မဟုတ်လား။

အနောက်တိုင်း ဆေးသုတေသနပညာရှင်တချို့၏ လေ့လာချက်အရ ပုခတ်လွှဲ သိပ်သည့် ကလေးငယ်ထက် အချိန်ကုန် အပင်ပန်းခံသိပ်ခြင်းခံပြီး သာမန်နည်းဖြင့် အိပ်ခဲ့ရတဲ့ ကလေးငယ်တို့၏ ဉာဏ်ရည်ဖွံဖြိုးမှုက များစွာတိုးတက်မှုရှိကြောင်း ဖတ်ရှု့ဖူးသည်။

ပြည်သူအများက နှစ်ပေါင်းများစွာ အလိမ်အညာနှင့် ကြီးပြင်းလာသည့်ဘဝကို မုန်းတတ်နေပြီ။ မယုံကြည်တော့ပေ။ ဝါဒမှိုင်းကြား မနစ်မွန်းကြတော့ပေ။
ရဲဘော်တို့ တက်ကြဟု စစ်ပွဲတွင် အော်ဟစ် အမိန့်ပေးသည့်ခေါင်းဆောင်ထက် ရဲဘော်တို့ ငါ့နောက်လိုက်ခဲ့ကြဟု အမိန့်ပေးသည့်ခေါင်းဆောင်မျိုးကိုသာ ယနေ့ခေတ်လူငယ်ထုက လိုချင်နေပြီ။

ယခုလို ပြည်သူအများ သွေးမြေကျနေသောအခါ ကျန်ရစ်သူစိတ်အားလုံးက “အကောင်းဖြစ်ဖို့က အမြစ်ကလှန်မှရမည်ဟု ပြည်သူအများက ယူဆလာသည်။ အဆိုပါလို လှန်နိုင်မည်က တော်လှန်ရေးပင်ဖြစ်သည်” ဟု အတွေးနက်သတက် နက်ရှိုင်းလာသည်။
ဖာရာ ထေးရာ ပျက်ရာ ဆွေးရာတွေ ပြည့်နေသော နိုင်ငံကြီးကို ပြုပြင်ဖို့အရေးက ထိုနည်းထက်ကောင်းတာမမြင်ကြတော့ပေ။
စစ်ကောင်စီအနေဖြင့် လက်တွေ့မြေပြင်တွင် ထိုအချက်ကို လက်တွေ့ရင်ဆိုင်နေရပြီဖြစ်သည်။ ခေတ်မီလက်နက် ပိုင်ဆိုင်ထားပေမယ့် တူးမီးသေနတ်က လူထုစိတ်ကို ပိုအားဖြစ်စေနေပြီ။ တိုက်ပွဲတခု၏ အဆုံးအဖြတ်က မြေပြင် ဝေဟင် ခေတ်မီနေရုံနဲ့မပြီး။

တပ်မတော်သားများအနေဖြင့် ကျောင်းသင်ခန်းစာကို CDM ဆရာ ဆရာမများနေရာကနေ ဝင်သင်ကြားပေး၍ ရသည်မဟုတ်။ ကျန်းမာရေး စောင့်ရှောက်မှုကို CDM ဆရာဝန်တွေအစား တပ်မတော်သား ဆရာဝန်တွေ ဝင်ရောက်ကုသပေးနေသည်ဆိုသော်လည်း တကယ်တမ်း မှု့ခင်းဆေးစာအပေါ် စစ်ဆေးတွေ့ရှိချက်ကို လက်မှတ်ထိုးပေး၍ တရားရုံး အသိအမှတ်ပြုသည့် အခွင့်အရေးက မရှိပါ။

အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်များ အနေဖြင့် ယနေ့ အခြေအနေနေ အရပ်ရပ်ကို သေချာပြန်သုံးသပ်သင့်ပေပြီ။ နောက်ဆုတ်မရတော့ဆို အမှားပေါ် အမှားဆင့်မိပါက တိုင်းပြည်ကို အနက်ဆုံး ချောက်ထဲသို့ဆွဲချနေသည့် သမိုင်းကို ရေးမိလိုက်သလို ဖြစ်မည့်အရေး စာရေးသူ အထူးစိုးရိမ်မိသည်။
ပြည်သူချစ်သော တပ်မတော်ကိုသာ စာရေးသူ မြင်လိုပါသည်။ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှား ရှိနေမည်ဆိုလျှင် ယနေ့တပ်မတော်၏ ရင်ဆိုင်နေရသော အဖြစ်အပျက်များ လုပ်ဆောင်နေသော လုပ်ရပ်များအပေါ် မည်သို့ မှတ်ချက်ပြုလိမ့်မည်ကို စာရေးသူ အလွန်သိချင်မိသည်။ တခုတော့ရှိသည်။ “မိုက်လိုက်တာ ငါ့သမီးရယ်” လို့များတော့ ပြောမယ်မထင်။

အာဏာသည် နတ်ဆိုးတပါးဖြစ်ကြောင်း ကမ္ဘာစစ်အသီးသီးက သက်သေပြခဲ့ပြီးဖြစ်သည်။ လူတို့၏ စိတ်သည် “လိုရင် ခြင်ထောင်ထဲ၊ မလိုရင် ဂတ်တဲ” ဆိုသည်ကို နားလည်ဖို့လိုအပ်လှသည်။ တိုင်းပြည်တခုတွင် နိုင်ငံရေး မသေသမျှ ခေါင်းဆောင်ဖြစ်နိုင်သေးသည်က မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု တလျှောက် ဒေါက်တာဘမော်က သက်သေပြခဲ့ပြီးဖြစ်သည်။  ဘမော် ဘမော် အို့ အို့ ဘဝလည်း ကြုံဖူးသည်။ နန်းရီဝန်လည်း ပြန်တက်ခဲ့ဖူးသည်။ နိုင်ငံရေး သေဆုံးသွားပြီဆိုလျှင်တော့ ဘယ်တော့မှ ခေါင်းဆောင်ဖြစ်မလာတော့ပါဘူး။

အဲ့ဒီအပြင် လူ့ဘဝအချိန်တိုတိုလေးဆိုသည်ကို သတိချပ်သင့်ပေသည်။ အချိန်တိုအတွင်း သမိုင်းလှခြင်း အကျည်းတန်ခြင်းက မိမိတို့၏ ပြုမူဆောင်ရွက်ချက်များကသာ အဆုံးအဖြတ်ပေးသည်။ ဖတ်ဖူးသည့် သံဝေက ရဖွယ်ရာ ကဗျာတပုဒ်ဖြင့် အဆုံးသတ်လိုက်သည်။

“လူ့ဘဝဟူသည်ကား
ဖူးရာမှ ငုံ
ငုံရာမှ ပွင့်
ပွင့်ရာမှ အာ
အာရာမှ ညို
ညိုရာမှ ဝါ
ဝါရာမှ ကြွေ
မြေသို့ခသည့်ပမာတည်း”

အဆိုပါ အတွေးအမြင်ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပြီး ဧရာဝတီတိုင်းမ် သတင်းဌာန၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်
အယ့်ဒီတာ အဖွဲ့