အစိုးရသစ်တခု တက်လာတိုင်း ပြည်တွင်း ပြည်ပက တိုင်းပြည်အပေါ် ဘယ်လောက် ထိန်းကျောင်းနိုင်မလဲ တိုင်းပြည်တည်ငြိမ်ရေးကို ဘယ်လိုစွမ်းဆောင်မလဲ ဆိုသည်က တက်ပြီးစ ရက် ၁၀၀ က အလွန်အရေးပါသည်။

ထိုအချက်သည် နိုင်ငံတကာစံဖြစ်သည်။ မည်သည့်အစိုးရဖြစ်စေ အာဏာပဲသိမ်းသိမ်း ရွေးကောက်ခံပဲဖြစ်ဖြစ် ပထမဆုံး ရက် ၁၀၀ အတွင်း တိုင်းပြည်အပေါ် စွမ်းဆောင်မှုပြတာ နိုင်ငံတိုင်းမှာ အရမ်းအရေးပါသည်။
နိုင်ငံတော် ဖွံ့ဖြိုးရေး တရားဥပဒေ စိုးမိုးရေး ပြည်သူ့ယုံကြည်အားကိုးရေးကို တည်ဆောက်ရသည်။ လွှတ်တော် နိုင်ငံရေးနှင့် အစိုးရ အုပ်ချုပ်ရေးက မတူပါဘူး။

ယခု အာဏာသိမ်းစစ်ကောင်စီ တက်လာတာ ၃ လ ကျော်ပြီ။ ပြည်သူက အစိုးရအပေါ် ဘာယုံကြည်လဲ မေးခွန်းထုတ်ရမည်။ နေရာအနှံ့ ဆန့်ကျင်မှုတွေရှိသည်။  တရားဥပဒေ စိုးမိုးမှုကို ကနေ့အထိ မဆောင်ရွက်နိုင်သေးပေ။ ပြည်သူအများ တခုခု မိမိနစ်နာသည့်အဖြစ်တခု ဖြစ်ပေါ်လာလျှင် ရဲစခန်းများသို့ တိုင်ကြားရန် အခြေအနေကမရှိ။ သပိတ်မှောက်ကြသူများအပေါ် တရားရုံးက လျှင်လျှင်မြန်မြန် မတရားသည့် ပုဒ်မများဖြင့် အမိန့်ချပေမယ့် ရင်ဆိုင်ဆဲ အမှုများကို ရုံးချိန်ထပ်ချိန်သည်ကလွဲပြီး မစစ်ဆေးနိုင်ပေ။

ငွေကြေးလည်ပတ်မှု အနှုတ်ပြနေသဖြင့် ပြည်သူများသည် ဘဏ်များအပေါ် မယုံကြည်တော့သလို ငွေများကိုသာ ရသည့်နည်းဖြင့် ထုတ်ယူပြီး ပြန်သွင်းရန် မလုပ်ကြတော့ပေ။ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာလည်း ရပ်တန့်နေသလို မရှိမဖြစ်လုပ်ငန်းများသာ ဆက်လုပ်ကြသည်။
နိုင်ငံတကာကလည်း စီးပွားရေးပိတ်ဆို့မှုကြောင့် စက်သုံးဆီ တင်သွင်းရေးပင် အခက်တွေ့နေပြီ။ ယခုအတိုင်းသွားလျှင် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုက မြန်မာ့စီးပွားရေးအပေါ် အကြီးအကျယ်ထိုးနှက်မည့် အချက်တခု ဖြစ်လာနိုင်သည်။

ယနေ့အချိန်အထိ အာဆီယံအပါအဝင် နိုင်ငံတကာမှ မြန်မာနိုင်ငံ၏ တခုတည်းသော အစိုးရသည် အာဏာသိမ်း စစ်ကောင်စီသာ ဖြစ်သည်ဟု တခဲနက်ထောက်ခံကြေညာခြင်း မခံရသေးပေ။ သံတမန်နည်းအရ ဆက်ဆံရေး ပြုလုပ်နေဆဲအဆင့်သာ ရှိနေသေးသည်။
စစ်​တပ်ဆန့်ကျင်ရေးကို အကြမ်းဖက်ဖြိုခွဲလို့ ပြည်သူအများ သေသည်။ သေတော့ မထောက်ခံသော ပြည်သူက ပိုပြီးခံပြင်း ဒေါသဖြစ်ကြသည်။ မထောက်ခံတဲ့ ပြည်သူနှင့် စစ်တပ်ဟာ ပိုလို့ဝေးကွာလာသည်။

စစ်တပ်ကို ထောက်ခံကြသူတွေ မရှိမဟုတ်။ ရှိပါသည်။ သို့သော် လက်ရှိ မြေပြင်တွင် ၎င်းတို့၏ လုံခြုံရေးကို စစ်တပ်က အပြည့်အဝ အကာအကွယ် မပေးနိုင်သောကြောင့် ကန့်ကွက်သူနှင့် ထောက်ခံသူတွေအကြား ဓားခုတ်ခံရမှုအထိ ဖြစ်ပျက်လာနေသည်။ တချို့ ထောက်ခံသူများကိုယ်တိုင်ပင် မိမိတို့လုံခြုံမှုမရှိသဖြင့် တိမ်းရှောင်ရသည့် အဖြစ်များပင် ဖြစ်လာနေသည်။

နိုင်ငံတကာ အထောက်အပံ့များ ရင်းနှီးမြုပ်နှံမှုများသည် အဆိုပါ ရက် ၁၀၀ ၏ အဖြေအပေါ်မူတည်ပြီး ဆုံးဖြတ်ကြသည်။
အချုပ်ဆိုရရင် ရက် ၁၀၀ အတွင်း စစ်တပ်သည် တရားဥပဒေ စိုးမိုးရေး ပြည်သူကိုးစားယုံကြည်မည့် တရားစီရင်ရေး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မလုပ်ပြ
နိုင်ပေ။ တိုင်းပြည်စီးပွားရေးက အနှုတ်ဆောင်နေသည်က တခါမှ မဖြစ်ဖူးသည့် အညွှန်းကိန်းအထိ ထိုးဆင်းသွားသည်။

ပြည်သူများ အငတ်ဘေးရောက်လုနီးပါးဖြစ်နေပြီ။ နိုင်ငံတွင်း လည်ပတ်မည့်ငွေ မလုံလောက်သည့်အပြင် ပြည်ပဝင်ငွေ မရတော့ပေ။ ထို့အတွက် ဒီအခြေအနေတွေက စစ်ကောင်စီ စာမေးပွဲကျရှုံးပြီ။  အာဏာသိမ်းခြင်းမှာ တွက်ကိန်းမှားနေသလားဟု စစ်ကောင်စီအနေဖြင့် သုံးသပ်သင့်ပေသည်။