ဧရာဝတီတိုင်းမ်
သြဂုတ် ၆ ရက်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကစတင်ကာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံမှန်နုတ်ထွက်ခွင့်ပြုနေတဲ့ လုပ်ငန်းစဥ်တွေအားလုံးကို ယာယီရပ်ဆိုင်းထားကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့ထဲက နုတ်ထွက်တာ ယာယီရပ်ဆိုင်းထားဖို့အတွက် နေပြည်တော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကနေ တိုင်းနဲ့ပြည်နယ်အသီးသီးက ရဲတပ်ဖွဲ့တွေ၊ ရဲတပ်ရင်း၊ ရေကြောင်းရဲ၊ မူးယစ်နှိမ်နှင်း၊ ယာဥ်ထိမ်းရဲ၊ လူကုန်တားရဲနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေအပါအဝင် ရဲတပ်ဖွဲ့ဌာနစိတ်အသီးသီးကို ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

ညွှန်ကြားစာထဲမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က နုတ်ထွက်ဖို့တင်ပြလာခြင်းအား ရပ်ဆိုင်းထားရန်နဲ့ ရဲထဲက နှုတ်ထွက်ခွင့်ကို အသက် ၆ဝ ပြည့်ချိန်မှာ ရရှိတဲ့ သက်ပြည့်ပင်စင်တစ်ခုသာ ခွင့်ပြုတော့မှာဖြစ်တယ်လို့ ဖော်ပြပါရှိကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

ဒါဟာ စစ်တပ်က တိုက်ရိုက်ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိမိဆန္ဒအလျောက် ရဲတပ်ဖွဲ့ကနေ တရားဝင်နှုတ်ထွက်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ခဲယဥ်းတဲ့အထိ ပြောင်းလဲသွားတဲ့အခြေအနေ ဖြစ်ပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းကတော့ နုတ်ထွက်စာတင်လို့ကို မရတော့တာ။ တင်လည်း ခွင့်မပြုတော့တာ။ နရခ (နေပြည်တော်ရဲချုပ်ရုံး)ကလည်း စာထုတ်ထားတယ်။ အောက်က တိုင်းတပ်ဖွဲ့မှူးကလည်း လက်မှတ်ထိုးမပေးတော့တာ”လို့ ပဲခူးတိုင်းရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ယခင်က ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဆက်လက်တာဝန် ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘူးဆိုရင်လုပ်သက် ၅ နှစ်ပြည့်တာနဲ့ နုတ်ထွက်ခွင့် တင်ပြနိုင်ကြောင်း သိရပါတယ်။

တင်ပြလာတဲ့နှုတ်ထွက်ခွင့်ကို ရဲတပ်ဖွဲ့အဆင့်ဆင့်ဖြတ်သန်းပြီး နေပြည်တော်ရဲချုပ်ရုံးအထိ တင်ပြရပြီး အချိန် ၃ လကနေ ၁ နှစ်နီးပါးကာလအတွင်း ရဲချုပ်ရဲ့အတည်ပြုချက်နဲ့ နှုတ်ထွက်ခွင့်ပြန်ကျလာလေ့ရှိပါတယ်။ ဒါက အာဏာမသိမ်းခင်က အခြေအနေပါ။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ နုတ်ထွက်စာတင်ပြခွင့် မရှိတော့သလို လူကြီးတွေကလည်း လတ်မှတ်မထိုးပေးတော့ဘူးလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

အခုလို ရဲတပ်ဖွဲ့ဝင်တွေ ရာထူးက နှုတ်ထွက်ခွင့်ကို စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားတာဟာ လူသစ်တွေ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်သူနည်းလာတာကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

“အဓိကက ရဲထဲဝင်တဲ့သူက သိသိသာသာနည်းသွားတယ်။ အရင်ထဲကလည်း တပ်သားအသစ် စုဆောင်းရတာ ဘုရားပင့်သလို ခက်ခက်ခဲခဲ စုဆောင်းနေရတာ။ တချို့နယ်ထိန်းတွေဆို ရဲတပ်သားသစ်ကို ပိုက်ဆံပေးဝယ်ရတာတောင်ရှိတယ်။ အဲဒါလည်းပါတယ်”လို့ ပဲခူးတိုင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရဲတပ်သားသစ် စုဆောင်းရခက်နေသလို ဘွဲ့ရသူများလျှောက်ထားနိုင်တဲ့ ဒုရဲအုပ်လောင်းသင်တန်းတွေကိုလည်း အပြင်ကအရပ်သားလျှောက်ထားသူ မရှိသလောက်နည်းပါးနေတဲ့အခြေအနေ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရပါတယ်။

“ပြည်သူတွေက ရဲတွေကို စိတ်နာနေပြီ။ ရဲတွေက စစ်ကောင်စီရဲ့လက်ကိုင်တုတ်လုပ်ပြီး ပြည်သူတွေကို ဖမ်းဆီး၊ ရိုက်နှက်သတ်ဖြတ်တာတွေ လုပ်တဲ့အတွက် ပြည်သူက စစ်တပ်နဲ့အတူတူ ရဲတွေကိုပါ ပေါင်းပြီးစိတ်နာကြတာ။ အဲတော့ ရဲထဲကို ဘယ်သူဝင်ချင်မလဲ။ ပြီးတော့ အခုက PDF တွေက ရဲကင်းတွေကို တိုက်ခိုက်တာတွေ ရှိနေတဲ့အခြေအနေမှာ သာမာန်အသိရှိတဲ့သူက ဘယ်ဝင်ချင်ပါ့မလဲ။ ရဲအင်အားလိုရင် တပ်မတော်ထောက်ခံသူတွေရှိတာပဲ။ အဲဒီလူတွေဝင်ခိုင်းလိုက်ကြပေါ့။ အဲဒါဆို ရဲအင်အား ပြန်များလာမှာပါ”လို့ ပုသိမ်မြို့က နိုငငံရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရဲလုပ်သက် ၅ နှစ်ပြည့်ပြီးသူ ရဲတပ်ဖွဲ့ဝင်တွေကို နှုတ်ထွက်ခွင့်မပေးတာဟာ စာချုပ်ပါကတိကို မတည်တာဖြစ်ကြောင်း ရဲဝန်ထမ်းဟောင်းတွေက ဝေဖန်ပြောဆိုပါတယ်။

“ရဲတပ်သား စတင်စုဆောင်းကတည်းက ရဲလုပ်သက် ၅ နှစ်ပြည့်လို့ ဆက်မလုပ်ချင်ရင် နှုတ်ထွက်ခွင့်ပေးမယ်ဆိုတဲ့ အချက်ပါပြီးသား။ အခု အဲ့လိုမဟုတ်ဘဲ နှုတ်ထွက်ခွင့်မပေးတာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကတိဖျက်တာ၊ စာချုပ်ပါအချက်ကို ချိုးဖောက်တာပဲ”လို့ ရဲတပ်ဖွဲ့က နှုတ်ထွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

ရဲတပ်ရင်းရောက်တဲ့ ရဲတွေကိုလည်း တပ်ရင်းမှူး၊ စစ်ကြောင်းမှူးနဲ့ တပ်ခွဲမှူးတွေက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစတင်ကာ တန်းစီချိန်မှာ မလုပ်နိုင်ရင် ပြေးဆိုတဲ့ ပြောဆိုမှုတွေရှိလာတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြော ပါတယ်။

“အခုလိုအချိန်မှာ တန်းစီတိုင်း မင်းတို့မလုပ်နိုင်ရင်ပြေး ထွက်ခွင့်တော့ မပေးဘူး။ ထွက်မယ်ဆို အသေထွက်ပဲ ရမယ်ဆိုပြီး ပြောတယ်”လို့ ရဲတပ်ရင်းတစ်ခုမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ တပ်မတော်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ရဲတပ်ဖွဲ့ဝင်အများအပြား CDM လုပ်ကာ ပြည်သူနဲ့ ပူးပေါင်းပြီး အလုပ်မဆင်းတော့တာတွေ ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကိုလက်မခံသော်လည်း CDM ပြုလုပ်ဖို့ အဆင်မပြေတဲ့ ရဲဝန်ထမ်းတွေလည်း အများအပြားရှိနေပြီး နုတ်ထွက်စာလည်း တင်ခွင့်မရတာကြောင့် ၆ လအတွင်း ရဲတပ်ဖွဲ့ထဲကနေ ထွက်ပြေးမှုတွေ ပိုမိုများပြားလာတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

CDM လုပ်တာ၊ ထွက်ပြေးတာတွေကြောင့် ရဲအင်အား တဖြည်းဖြည်း နည်းပါးလာချိန်တဖက်မှာ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဟာ မြို့အသီးသီးမှာ အများပြည်သူလုံခြုံရေးကို တာဝန်မယူနိုင်တော့ဘဲ သူတို့ကိုယ်သူတို့ လုံခြုံဘေးကင်းဖို့ကိုတောင် သတိကြီးကြီးထားပြီး ရုန်းကန်ကြိုးစားနေရတဲ့အ​ခြေအနေကို ဆိုက်ရောက်နေပါတယ်။