တိုက်ကြီးမြို့နယ်၊ သဗြုရွာက လက်လုပ်မိုင်းများနှင့် အကြမ်းဖက် စစ်တပ်က သတင်းထုတ်ပြန်ထားသော မိသားစုဝင်များ၏ ပြန်လည်လွတ်မြောက်ရေး မျှော်လင့်ချက်ကို တပူပေါ် နှစ်ပူဆင့်မည့် ဘေးက သီသီလေး လွတ်သွားရသည်။
အဖမ်းခံရသူများကို ယခု ၅၀၅ -က ပုဒ်မနှင့် ဖမ်းခံထားရသူများ စိစစ်ပြီး လွှတ်ပေးနေချိန်တွင် သူတို့ကိုပါ ရောပြီး လွတ်မြောက်အောင် လုပ်ပေးမည်ဟု ဆိုပြီး တစ်ဦးလျှင်ကျပ် ရှစ်သိန်း ကုန်ကျမည်ဟု အင်းစိန်ထောင်မှ နှစ်ပွင့်ရာထူးရှိသူ နေလင်းအောင်ဟု ဆိုပြီး ဖုန်းဖြင့်ဆက်သွယ်လာချိန်က မိသားစုဝင်များမှာ ပျော်ရွှင်စရာ သတင်းစကားဖြစ်ခဲ့သည်။
သို့သော် ထိုငွေကြေးပမာဏက တောင်ယာလုပ်ကိုင်စားသောက်နေရသော မိသားစုအတွက် ကြီးမားသော စိန်ခေါ်မှုကြီးပင်။ ဒီလိုနှင့် ထပ်မံဖုန်းပြန်ဆက် စကားပြော၊ ကြေးညှိကြရင်း နောက်တစ်နေ့ မနက် ၈ နာရီအတွင်း ၃ သိန်းကို Wave ဖြင့် ကနဦးလွှဲပေး၊ ငွေအဝင်ပြပြီး တရားသူကြီး၊ ဥပဒေအရာရှိ စသဖြင့်တို့ကို ယုံကြည်အောင် ပြသကာ နေ့မကူးခင်ပင် လွတ်အောင်လုပ်ပေးမည်ဟုဆိုကာ သားအဖ နှစ်ဦးလုံးအတွက် ၈ သိန်းခွဲဖြင့် စျေးတည့်သွားသည်။
သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ကိုတော့ သိမ်းထားဦးမည်၊ ကျန်ငွေပေးသည့်နေကျမှ ပြန်ပေးမည်၊ သူက(နေလင်းအောင် ဆိုသူက) သူ့မိတ်ဆွေတွေဟု တရားသူကြီးများကို အာမခံပေးထားမည်၊ ၃ လအတွင်းတော့ မည်သည့်လှုပ်ရှားမှုမှ ထပ်မလုပ်ရန်နှင့် ခံဝန်လက်မှတ်ထိုးဖြင့် လွတ်မြောက်ရေးကို ကူညီခြင်းဟု ဆက်သွယ်ချက်များအရ ရုပ်လုံးပေါ်လာသည်။
နောက်တစ်နေ့ မနက် လွှဲပေးရမည့် ၃ သိန်းဆိုသည့် ငွေကြေးက တစ်ရွာလုံးရှိ အိမ်ပေါင်းစုံ စုလိုက်လျှင်တောင် မပြည့်သည့် ပမာဏတစ်ခု။ သိုသော် မိသားစုတွေ ယနေ့ည မိုးချုပ်သည်အထိ အပြေးအလွှား ငွေထွက်ရှာရသည်။ ချေးငှားကြရသည်။
အဆိုပါသတင်းစကားက သတင်းထောက်တစ်ဦးထံသို့ မိသားစုဝင်များက ဆက်သွယ်ပြီး ပြောပြသလို တစ်ဖက်မှာလည်း လက်တစ်လော အချိန်မဆိုင်းဘဲ ဖြေရှင်းရမည့် ၃ သိန်းသောငွေကို မရမက လုံးပမ်းရသည်။
သတင်းထောက်က တစ်ဖက်လှည့်ဖြင့် အင်းစိန်ထောင်အသိုင်းအဝိုင်းတွင် ၂ ပွင့်ရာထူးရှိ နေလင်းအောင်ဆိုသူ အမှန်တကယ် ရှိမရှိ စုံစမ်းကြည့်သောအခါတွင် ထောင်တစ်ခုလုံးတွင် ၂ ပွင့် ရာထူးရှိသူ ငါးဦးလုံးတွင် အဆိုပါ နေလင်းအောင်ဆိုသူက မရှိ။ အခြားအဆင့်များတွင်ပင် အဆိုပါ နာမည်တူသူ ဝန်ထမ်းပင်မရှိကြောင်း အတည်ပြုလာနိုင်သည်။
ကတုံးပေါ် ထိပ်ကွက်ခြင်း
အကျဥ်းဦးစီးဌာန ဝန်ထမ်းအသိုင်းအဝိုင်းအတွင်း ထိုကဲ့သို့ အကျဥ်းကျနေသူ၊ အချုပ်ကျနေသူများ၏ မိသားစုထံ ဆက်သွယ်၍ရသော ဖုန်းနံပါတ် ကို အကြောင်းတစ်နည်းနည်းဖြင့် ရရှိထားကြသူအချို့က ထိုကဲ့သို့ ငွေကြေးလိမ်လည်မှု တော်တော်များများ ဖြစ်လာနေကြောင်း အင်းစိန်ထောင်ရှိ တပွင့်ရာထူးရှိ ထောင်အရာရှိတစ်ဦးက ပြောသည်။
“တစ်နေ့ကပဲ ထောင်က အဆောင်မှူးနာမည်ကိုသုံးပြီး အချုပ်ကျနေသူတစ်ဦး နေမကောင်းလို့ အပြင်ကဆေးဝယ်ဖို့ ငွေ ငါးသိန်း လိမ်တောင်းတဲ့ ပြဿနာ ဖြစ်သေးတယ်။ နှစ်သိန်းကို Wave နဲ့လွှဲလိုက်ပြီ။ ကျန်တဲ့ သုံးသိန်း လူကိုယ်တိုင်လာပို့မှ အချုပ်ကျနေသူက နေမကောင်းနေတဲ့သူမဟုတ်တာ မိသားစုတွေရော ငါတို့ပါသိတယ်။ ထောင်ကျပြီး ပြန်လွတ်သူတွေက အများဆုံး အဲ့ဒီလို လိမ်လာကြတယ်” ဟု ၎င်းက ဆိုသည်။
ရဲစခန်းအချုပ်တွင်ဖြစ်စေ၊ ထောင်ထဲတွင် ဖြစ်စေ အတူတူနေဖူးသူ၊ တစ်နည်းနည်းဖြင့် အကျဥ်းသား၊ အချုပ်သားများ၏ မိသားစုဖုန်းများ သိထားပြီးသူက အခုလို လိုက်လိမ်နေခြင်းသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖြစ်ရပ် ၅၀ ကျော်ပြီဟု အကျဥ်းဦးစီးဌာန ဝန်ထမ်းများထံမှ သိရသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရပြီး စစ်တပ် စစ်ကြောရေးတွင် စစ် ဆေးပြီး၍ အင်းစိန်ထောင်သို့ ရောက်ရှိလာသည့် နိုင်/ကျဥ်းလူငယ်များ၏ မိသားစုဝင်များအား ပစ်မှတ်ထား၍ ယင်းကဲ့သို့ လုပ်ဆောင်နေကြောင်း သိရသည်။
သဗြုရွာမှ သားအဖ နှစ်ဦးသည် ဇူလိုင်လ ၂၁ရက်နေ့က အဆိုပါသပြုကျေးရွာနေအိမ်တွင် စစ်ကောင်စီ တပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကြောရေး တွင် နှစ်ပတ်အကြာ စစ်ဆေးခဲ့ ပြီးနောက် ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့က အင်းစိန်ထောင် သို့လွှဲပြောင်းချုပ်နှောင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ၄င်းတို့သားအဖ နှစ်ဦးအား စစ်ကောင်စီမှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒ၊ နိုင်ငံတော် အ ကြည်ညိုပျက်စေမှုဥပဒေပုဒ်မ တို့ဖြင့် တရား စွဲ ဆိုအမှုဖွင့်ထားပြီး ရွှေနန်းတော်ရွှေဆိုင် ဗုံးခွဲ တိုက်ခိုက်လုယက်သူများနှင့် ပက်သက်သည်ဟု စွပ်စွဲထားသည်။
“ကျွန်မတို့အတွက်ကတော့ ကိုယ့်မိသားစုတွေ ပြန်လွတ်မယ့်အရေး ဘာဖြစ်ဖြစ် မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ကူးတာပဲလေ။ ဒီလို ငွေလိမ်ယူမယ်လို့ ဘယ်ထင်မတုံး။ နောက်မို့ဆို လူပါဆုံးရှုံးနေရတဲ့အထဲ ငွေပါထပ်ဆုံးမှာ။ အဲ့လိုလူမျိုးတွေ တွေ့တာနဲ့ သတ်ကိုပစ်ချင်တာ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
လွတ်သည့်အထဲက နှောင်ကြိုးပါသည်လည်းရှိ
စစ်တပ်မှ အာဏာသိမ်းမှုအား ဆန့်ကျင်သူများကို မတရားဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးနေကြရာတွင် ၅၀၅-က အမှုများတွင် အခြားပုဒ်မ တစ်ခုခုဖြင့် တွဲကပ်ပါနေသူများ မပါဝင်ကြောင်း၊ ထို့အပြင် အချုပ်သားများကိုယ်တိုင်က မိမိခံယူချက်အတိုင်း လုပ်ဆောင်ခဲ့၍ အဖမ်းခံရသည်ကို ခံဝန်ဖြင့် စစ်ကောင်စီကို သနားခံမှ လွတ်ရမည်ကို ဆန္ဒမရှိသူများလည်း ယနေ့အချိန်ထိ မလွတ်မြောက်သေးကြောင်း အဖမ်းခံရသူများဘက်မှ ကူညီပေးနေသည့် ရှေ့နေများက ပြောသည်။
အထူးသဖြင့် ဖောက်ခွဲမှု၊ လက်နက်မှု၊ မူးယစ်ဆေးအမှု စသဖြင့် အကြောင်းပြချက်တစ်ခုခုဖြင့် တွဲကာ စစ်ကောင်စီဘက်က ပုဒ်မတပ်ခံထားရသူများ နည်းတစ်မျိုးမျိုးဖြင့် လွတ်ရန်ဆိုသည်က လုံးဝမဖြစ်နိုင်ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။
“မိသားစုတွေကတော့ လွတ်ဖို့အရေး စဥ်းစားကြတာ သဘာဝပါ။ ဒါပေမဲ့ တကယ်လွတ်တယ်ဆို ကျွန်မတို့ မသိရဘူး။ ငွေပေးပြီးမှ မလွတ်သေးတဲ့အခါကျ ကျွန်မတို့ဆီ လာပြောတာ။ အဲ့ဒီလို လာပြောတာ အမှု ၂၀ လောက်ရှိပြီ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ကာယကံရှင် အချုပ်သားကိုက စိတ်ဓာတ်မာကြောပြီး စစ်ကောင်စီကို တောင်းပန်တိုးရှို မလုပ်ချင်တွေလည်း အကျဥ်းထောင်ထဲ အချုပ်ခံရသူများ ကျန်ရှိနေသေးကြောင်း ဥပဒေအကြံပေး တစ်ဦးက ပြောသည်။
“ကိုယ်ယုံကြည်ရာကို လုပ်လို့ ခြေချော်ပြီး အဖမ်းခံရတယ်။ အဲ့ဒါကို ကျွန်တော်တို့၊ ကျွန်မတို့ မှားပါပြီ။ နောင်တရပါပြီ။ နောက်မလုပ်တော့ပါဘူးလို့ စစ်တပ်ကို ခေါင်းထိုးခံ ဦးညွှတ်မှ လွတ်ရမယ့်သူလို့ မယူဆတဲ့သူတွေ ထောင်ထဲမှာ အများကြီး ရှိနေတယ်။ ကျွန်တော်တို့ကလည်း ဥပဒေကြောင်းအတိုင်း ခုခံမယ်၊ လွတ်တာမလွတ်တာ၊ ထောင်ချခံရတာက စစ်တပ်အလုပ်။ ဖမ်းကိုမဖမ်းသင့်တာကို မတရားဖမ်း၊ ထောင်ချပလေ့စေဆိုသူတွေပဲ အကူအညီပေးတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ဒီလူကို ချုပ်ထားပါလို့ ဆိုရင် မိမိတို့တာဝန်က ချုပ်ထားရမှာဖြစ်ပြီး လွှတ်ပါဆို ထောင်က လွှတ်ပေးရသည်သာဖြစ်ကြောင်း အကျဥ်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။
ပြည်သူများအနေဖြင့်လည်း ထိုကဲ့သို့ မိမိတို့ သားသမီးများ လွတ်မြောက်ရေးဇောဖြင့် ရှေ့တန်းတင်သည်က မှန်ကန်သော်လည်း ထိုကဲ့သို့ လိမ်လည်တတ်သည်ကိုတော့ သတိထားကြရမည်ဟု ဆက်ပြောသည်။
“လွှတ်တာ မလွှတ်တာက ကျွန်တော်တို့ ဘာမှ လုပ်ပေးလို့မရဘူး။ ကျွန်တော်တို့လည်း ဘောင်အထဲကပဲ လုပ်လို့ရတာ။ ဘောင်ကျော်ပြီး ဘာမှလုပ်လို့မရဘူး” ဟု ဆိုသည်။
MPA သတင်းဌာန၏ ခွင့်ပြုချက်အရ ကူးယူဖော်ပြသည်။