ဆောင်းပါးရှင် – လင်းရောင်နီ
စက်တင်ဘာ ၄၊ ၂၀၂၁

ဇန်နဝါရီ ၃၁ ရက်နေ့ ဒေါ်လာအပိတ်စျေးက တစ်ဒေါ်လာ ကျပ် ၁၃၀၀ ရာဝန်းကျင်။ အာဏာသိမ်းပြီး ခုနစ် လအကြာ ဒေါ်လာစျေးက ကျပ် ၁၈၀၀ ကျော်ပြီ။ အာဏာမသိမ်းခင်က ကျပ် ၁၀ သိန်းရှိသူသာ ဒေါ်လာဝယ်ထားနိုင်ခဲ့မယ့် ပမာဏကို အခုချိန်မှာ ကျပ် ၁၃ သိန်းကျော်ရှိမှ အဲ့ဒီ ဒေါ်လာ ပမာဏကို မီနိုင်တော့မည့် အနေအထား။

ပြည်သူတွေရဲ့ ပိုင်ဆိုင်တဲ့ ငွေတန်ဖိုးက အလိုလိုနေရင်းနဲ့ သုံးပုံ တစ်ပုံ ဆုံးကုန်ပြီ။ ကိုယ့်ငွေ ကိုယ်ပိုက်ရင်းနဲ့ ဆုံးရတဲ့ဘဝက ဘာနဲ့မှ မကုစားနိုင်ပေ။

အလောင်းကစား စကားနဲ့ ငွေရှုံးရင် ငွေနဲ့လိုက် ဆိုပေမယ့် အခုက လိုက်စရာမလို၊ မလောင်းပဲနဲ့ကို ကုန်နေတာ။

ကုန်နေတာမှ ပြည်သူအားလုံး။ NLD ကို ထောက်ခံလို့ကွ။ စစ်တပ်ကို ထောက်ခံလို့ကွလို့ လက်ညှိုး ထိုးစရာမလိုတော့ပါ။ နှစ်ဖက်လုံး ကျပ် ၁၀ သိန်းကိုင်ထားသူတောင် သုံးသိန်းကျော်က အလိုလို ရှုံးနေပြီ။

ဒါတောင် မိုဘိုင်းဘဏ် စနစ်အရ ဟိုဒီလွှဲရင်း၊ ATM မှာ မလိုလားအပ်တဲ့ တန်းစီစနစ်အရ ဝန်ဆောင်ခတွေ ပေးနေရတဲ့ ပမာဏ မပါသေးပေ။ချစ်လျှင် မုန်း၊ မုန်းလျှင်ချစ် ဆိုသည့်စကားက ပြည်သူအများနှင့် စစ်အာဏာသိမ်း စစ်တပ်တို့အကြား လားလားမှ မဆိုင်တော့ပေ။ ပြဒါး တစ်လမ်း၊ သံတစ်လမ်း ဖြစ်ခဲ့ပြီ။

စစ်တပ်က အရာရာ လုပ်ကိုင်တတ်ပါသည်ဆိုတဲ့ ဥာဏ်ကြီးရှင်တွေ ဖင်ပိတ်ငြင်းနေပါစေ။ မြေပြင်မှာ ပြည့်သူတွေ ဆုံးရှုံးနေတာက မြေကြီးလက်ခတ် မလွဲပေ။

တိုင်းပြည်၏ ငွေတန်ဖိုး ကျဆင်းနေတာကို ငွေစက္ကူ ရိုက်ထုတ်ရုံ၊ နိုင်ငံခြားငွေတွေ လဲလှယ်နှုန်း ထိန်းဖို့ ဗဟိုဘဏ်က အရန်နိုင်ငံခြားငွေတွေ ထုတ်ရောင်းရုံနဲ့ ထိန်းလို့ရနိုင်မယ်ထင်တဲ့ စစ်တပ်ကသူတွေရဲ့ အတွေးအခေါ်က ပုဇွန်ဦး​နှောက်လို့သာ ပမာတင်စားရတော့မည်။

ရွှေစျေးတက်နေ၊ ဓာတ်ဆီစျေး မထိန်းနိုင်တာ မြန်မာ့ငွေတန်ဖိုး ကျဆင်းခြင်းက ကုန်စျေးနှုန်းအထိ သက်ရောက်နေတာ စီးပွားရေး လုပ်ငန်းရှင်တိုင်း သိကြသည်။

သို့သော် ဘာလို့မပြောရဲလဲ။ တစ်ခုတည်းသော အကြောင်းအရာက အချိန်မရွေး ခန္ဓာပါ ကြွေနိုင်သမို့ဆိုတဲ့ အကြောက်တရားကို ပမာပြု တိုင်းပြည်အာဏာကို လက်နက်နဲ့ လုထားကြသူတွေမို့သာပဲ။

၁၉၈၈ ခုနှစ် လုထု အရေးတော်ပုံမှာ တိုင်းပြည်အာဏာ လုခဲ့တဲ့ စစ်တပ်ရဲ့ နောက်လိုက်တွေက ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်မှာ ပညာရည်နို့ သောက်စို့ခဲ့ကြသူ ပညာတတ်တွေ အများအပြား။

နဝတ လက်ထက် ပညာရည်နို့ ဖြတ်၊ ပညာကို သင်းသတ်ခဲ့တဲ့နောက် ကြီးပြင်းလာရတဲ့ မျိုးဆက်က အခု ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့နောက်လိုက်နေကြတဲ့ ပညာငတ်မျိုးဆက်တွေ။

စစ်အာဏာသိမ်းတာချင်း အတူတူ ဥာဏ်သုံးရတဲ့ ခေါင်းကွာသွားပြီ။ ခေတ် တစ်ခေတ်ကို ထုဆစ်ကြရာမှာ ဝက်မွေး၊ ကြက်မွေး၊ တစ်ရှူးငှက်ပျောစိုက်ကြ ဆိုတဲ့ ဆောင်ပုဒ် ထုတ်နေတဲ့ ခေါင်းဆောင်က ထုဆစ်နိုင်မယ် ထင်မိသလား။ ပြည်သူတွေကတော့ လက်နက်အားကိုး၊ တရုတ်ကို အဖေထင်နဲ့၊ ကြေးစည်က ကြေးမစစ်တော့ ဒူဝေ မမြည်တာ သိနေပြီ။

အရပ်သား အစိုးရ ထောက်ခံသူတွေက စစ်အာဏာ သိမ်းတာကို ဆန့်ကျင်နေတာ လက်နက်ကိုင်တဲ့ အဆင့်ထိ ရောက်နေသလို စစ်တပ်က နယ်မြေ ထိန်းသိမ်းရေး မလုပ်နိုင်တာ ခုနစ် လ ကျော်လာတော့ ပြည်သူ့ကို သိပ်ချစ်ပါတယ်၊ ဒီမိုကရေစီ စနစ် လိုလားပါတယ်ဆိုတဲ့ စစ်တပ်က တိုင်းပြည် အာဏာကို ငမ်းငမ်းတက် လိုချင်နေတာလား၊ တိုင်းပြည်ရဲ့ ပိုက်ဆံနဲ့ သယံဇာတတွေကို ကိုယ်ကျိုးသုံးချင်တာလား မေးခွန်းထုတ်ရပေတော့မည်။

ဓာတ်ပုံ – ဆင်ဟွာ