
Photo: Dreamstimes
ဆောင်းပါးရှင် – စစ်ဝေးသော်
စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်။
မြန်မာဗန်းစကားတွင် “ငုတ်တုတ်မေ့သည်” ဟူ၍ ရှိသည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက် မြန်မာကျပ်ငွေအကြောင်းပြောလျှင် “ငုတ်တုတ်မေ့သည်”ဟူသော ဗန်းစကားကို သုံးရမည် ထင်သည်။ အကြောင်းရင်းကတော့ အာဏာသိမ်းမှု ၇ လကျော် ရောက်ရှိလာချိန်တွင် စီးပွားရေးအရ ချွတ်ခြုံကျနေသည့် မြန်မာနိုင်ငံ၏ကျပ်ငွေတန်ဖိုးက တစထက်တစ ဆိုးရွားစွာ ထိုးကျနေ၍ ဖြစ်သည်။
အာဏာမသိမ်းမီ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၃၁ ဝန်းကျင်ဖြစ်သည်။ NLD အစိုးရလက်ထက် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ မြန်မာကျပ်ငွေ တန်ဖိုးခိုင်မာလာသည့်အတွက် ပြည်ပကတင်သွင်းသည့် ကုန်ပစ္စည်းများ စျေးနှုန်းသင့်တင့်စွာနှင့် သုံးစွဲနိုင်ခဲ့ကြသည်။
သို့ပေမယ့် NLD အစိုးရသည်ပင်လျှင် Covid – 19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းကြောင့် တိုင်းပြည်၏စီးပွားရေး ခက်ခဲကြပ်တည်းမှုကို ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့ကပ်ရောဂါကို အထိအခိုက်အနည်းဆုံး ကျော်ဖြတ်နိုင်ရေး ကြိုးပမ်းရသလို တဖက်တွင်လည်း ကိုဗစ်ကြောင့် ရပ်ဆိုင်းနေသည့် တိုင်းပြည်စီးပွားရေး နလန်ထူဖို့ကို အသည်းအသန်ကြိုးပမ်းနေရတာဖြစ်သည်။
ဒီလိုအခြေအနေမှာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာရူးပြီး COVID – 19 ကြောင့် စီးပွားရေးကြပ်တည်း နေသည့် မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်သည်။ နဂိုကမှ ရပ်ဆိုင်းနေသော တိုင်းပြည်၏ စီးပွားရေးက ခေတ်စကားနှင့်ပြောရလျှင် “ဂျုံးဂျုံးကျ”သွားတော့သည်။
အာဏာသိမ်းပြီး တပတ်အတွင်း ဘဏ်စနစ်အားလုံး ရပ်ဆိုင်းသွားသည်။ မိုဘိုင်းဒေတာတွေ ပိတ်လိုက်တော့ အွန်လိုင်းငွေကြေးဝန်ဆောင်မှုတွေပါ ရပ်ကုန်သည်။ ငွေကြေးစီးဆင်းမှုတွေလည်း ပြတ်တောက်ကုန်ပြီး လက်ထဲရှိသည့်ငွေသား (ငွေစက္ကူ) က ဘဝရှင်သန်ရေးအတွက် အသက်တမျှ အရေးပါသည့် အခြေအနေ ဆိုက်ရောက်ကုန်သည်။
စစ်တက္ကသိုလ်က စစ်တိုက်ဖို့ပဲ သင်ပေးထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီကလည်း တိုင်းပြည်စီးပွားရေးကို မစီမံ၊ မခန့်ခွဲနိုင်၊ စီမံခန့်ခွဲဖို့လည်း အရည်အချင်း မရှိ။ ငြိမ်းချမ်းစွာဆန္ဒပြနေသော သန်းနှင့်ချီသည့်ပြည်သူများကို အကြမ်းဖက်ဖြိုခွဲဖို့၊ နှိပ်စက် သတ်ဖြတ်ဖို့နှင့် ဖမ်းဆီးထောင်သွင်းအကျဉ်းချဖို့လောက်သာ စစ်ကောင်စီအားစိုက်လုံးပန်းနေခဲ့သည်။ ထို့ကြောင့် တိုင်းပြည်၏စီးပွားရေးက ယိုင်နဲ့သည့်အဆင့်မှ ပြိုလဲသည့်အဆင့်ကို ရောက်သွားသည်။
ဧပြီလကုန် မေလဆန်းပိုင်းတွင် ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက ဖိအားပေးပြီး ပြန်ဖွင့်ခိုင်းသည်။ ဘဏ်တွေပိတ်ထား၍ ရပ်ဆိုင်းနေသော ငွေကြေးစီးဆင်းမှုများကို စစ်ကောင်စီက အာဏာသုံး၍ လည်ပတ်ရန်ဆောင်ရွက်သော်လည်း ဆေးမမှီတော့ပေ။ ပုဂ္ဂလိက ဘဏ်တွေအပေါ် လူတွေယုံကြည်မှုကျဆင်းပြီး ဘဏ်အပ်ငွေတွေ အလုံးအရင်းနှင့် ပြန်ထုတ်ကြတော့သည်။
ပုဂ္ဂလိကဘဏ်များကလည်း ဘဏ်အပ်ငွေတွေကို အကုန်မထုတ်ပေးဘဲ တပတ်လျှင် ၅ သိန်း၊
၃ သိန်းစသဖြင့် အရစ်ကျထုတ်ပေးကာ သူတို့၏ကျေးဇူးရှင် Customer တွေ အဆင်ပြေဖို့ထက် သူတို့ဘဏ် မပြိုလဲရေးကို ဦးစားပေးလုပ်ကြသည်။ အဲတော့ မြန်မာပြည်သူတွေမှာ Covid – 19 ကပ်ရောဂါကာလအတွင်းမှာပင် ဘဏ်များရှေ့၌ ညအိပ်စောင့်ဆိုင်း၍ ကိုယ့်ငွေကိုယ်ပြန်ရဖို့ ဒုက္ခခံခဲ့ကြသည်။
နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေးပြိုလဲခြင်း၏အကျိုးဆက်က မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းတော့သည်။ အာဏာမသိမ်းမီက အမေရိကန် ၁ ဒေါ်လာလျှင် ၁၃၃၁ ကျပ်သာရှိသည့် အခြေအနေမှ အာဏာသိမ်းပြီး ၇ လအကြာ စက်တင်ဘာ ၁၀ ရက်တွင် အမေရိကန် ၁ ဒေါ်လာ ပြင်ပပေါက်စျေး ၂၀၂၀ ကျပ်အထိ မြင့်တက်သွားသည်။ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး ကာလ ငွေလဲနှုန်းကွာခြားမှုက ၁ ဒေါ်လာလျှင် ၆၉၀ ကျပ်အထိ မြင့်တက်သွားခဲ့သည်။
တွက်ချက်ကြည့်မည်ဆိုရင် အာဏာမသိမ်းမီက မြန်မာကျပ်ငွေ သိန်း ၁၀၀ ပိုင်ဆိုင်ထားသူ တယောက်အနေဖြင့် အမေရိကန်ဒေါ်လာနှင့်တွက်ကြည့်လျှင် နိုင်ငံတကာငွေလဲနှုန်းအရ ကန်ဒေါ်လာ ၇၅၁၈ ဒေါ်လာ ပိုင်ဆိုင်သည်ဟု သတ်မှတ်လို့ရသည်။
စစ်တပ်က အာဏာသိမ်းပြီး ၇ လကျော်အကြာ လက်ရှိကာလမှာ ကျပ်သိန်း ၁၀၀ ပိုင်ဆိုင်သူသည်ိ နိုင်ငံတကာငွေလဲနှုန်းပေါက်စျေးအရ ကန်ဒေါ်လာ ၄၉၅၀ သာ ပိုင်ဆိုင်မည် ဖြစ်သည်။ မြန်မာငွေ ကျပ်သိန်း ၁၀၀ ၏တန်ဖိုးသည် ယခင်က ကန်ဒေါ်လာ ၇၅၀၀ ဖြစ်သော်လည်း လက်ရှိတွင် ကန်ဒေါ်လာ ၅၀၀၀ ခန့်သာ တန်ဖိုးရှိတော့သည်။
အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသားများ၏လက်ဝယ်ရှိ ကျပ်ငွေတန်ဖိုးက အလိုလိုနေရင်း ၃ ပုံ ၁ ပုံခန့် လျော့နည်းဆုံးရှုံးသွားပြီဖြစ်သည်။ ယခင်က ငွေကျပ်သိန်း ၃၀၀ ပိုင်ဆိုင်သူသည် လက်ထဲတွင် မြန်မာငွေကျပ် သိန်း ၃၀၀ ကိုင်ထားသော်လည်း အဆိုပါငွေတန်ဖိုးက ကျပ်သိန်း ၂၀၀ သာ တန်ဖိုးရှိတော့မည်ဖြစ်သည်။
တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာရူးပြီး တိုင်းပြည်ကို အာဏာသိမ်းလိုက်ခြင်း၏အကျိုးဆက်က လူဦးရေ ၅၄ သန်းကျော်ရှိသည့် မြန်မာနိုင်ငံသား အားလုံး၏ မြန်မာငွေကြေးပိုင်ဆိုင်မှု ၃ ပုံ ၁ ပုံကို တန်ဖိုးမဲ့သွားစေခဲ့သည်။ လျော့နည်းပျက်စီး သွားစေခဲ့သည်။
မြန်မာနိုင်ငံသားအားလုံးဖြစ်သည့်အတွက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပြင် တပ်မတော်ထောက်ခံသူများ၊ စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံနေသော ကြံ့ခိုင်ရေး ပါတီဝင်များ၊ စစ်ကောင်စီလက်အောက် အမှုထမ်းနေသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ကိုယ်လုပ်မှ ကိုယ်စားရတာဟု ပြောဆိုလေ့ရှိသော ကြားနေသမားများလည်း အပါအဝင်ဖြစ်သည်။ မြန်မာတွေ အိမ်ထဲထိုင်နေရင်း ပိုက်ဆံတွေ အရှုံးပေါ်နေတာ၊ ငုတ်တုတ်မေ့တယ်ဆိုတာ ဒီအရာကိုပြောလိုခြင်း ဖြစ်သည်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကို အထင်ရှားဆုံးပြသနိုင်သည့် သာဓက ကတော့ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာပဲဖြစ်သည်။ အထူးသဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ၊ လူသုံးကုန်၊ စားသောက်ကုန်၊ အီလက်ထရောနစ်ပစ္စည်း၊ စက်ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် ဆေးဝါးပစ္စည်း စျေးနှုန်းများက တစထက်တစ မြင့်တက်လာနေသည်က လက်တွေ့ဖြစ်သည်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ စီးပွားရေးကြပ်တည်းခြင်းနှင့် ကုန်စျေးနှုန်းကြီးမြင့်ခြင်းဒဏ်ကို အလူးအလဲခံစားရမည့်သူတွေက ဝင်ငွေနည်းပါးသော အခြေခံ လူတန်းစားများနှင့် လစာနည်းပါးသော အောက်ခြေဝန်ထမ်းများဖြစ်သည်။ နဂိုကမှ ဆင်းရဲရသည့်အထဲ အာဏာရူးပြီး တိုင်းပြည်အာဏာသိမ်းခဲ့သူ တပ်မတော်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ကြောင့် သန်းဆယ်နှင့်ချီသော မြန်မာနိုင်ငံသားတွေ ယခင်ကထက်ပို၍ ဆင်းရဲတွင်း နက်ခဲ့ကြပြီ ဖြစ်သည်။