
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလက အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီကို မြန်မာပြည်သူအများစုက တခဲနက် မဲပေးရွေးချယ်ခဲ့ကြသည်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD က ပြည်ထောင်စုလွှတ်တော်ခေါ်ယူကာ ပြည်သူ့ဆန္ဒနှင့် အညီ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းဆောင်ရွက်ရန် ပြင်ဆင်နေချိန်တွင် တပ်မတော်က လက်နက်အားကိုးဖြင့် နိုင်ငံ့ခေါင်းဆောင်များအပါအဝင် လူပေါင်းထောင်နှင့်ချီဖမ်းဆီးပြီး နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူ ခဲ့သည်။
အာဏာသိမ်းစ ဖေဖော်ဝါရီလမှာပင် စစ်ကောင်စီက အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင် ဆန္ဒပြနေသည့် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ပြီး ဆန္ဒပြပွဲများကို ရက်စက်စွာ ဖြိုခွင်းခဲ့သည်။ မြန်မာပြည်သူများမှာ လမ်းမများပေါ်တွင် စစ်ကောင်စီတပ်များ၏ လူမဆန်စွာ အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေကြေခဲ့ကြသည်။
ရက်စက်ကြမ်းကြုတ်သော စစ်တပ်က ပြည်သူကို အကြမ်းဖက်သတ်ဖြတ်မှုများ စတင်ကျူးလွန် ချိန်ကပင် မြန်မာပြည်သူများ၊ ပြည်သူ့ဆန္ဒဖြင့်ရွေးကောက်တင်မြှောက်ထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ – CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကာအကွယ်ကင်းမဲ့နေသော မြန်မာပြည်သူများကို ကူညီကာကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။
သို့သော် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် “စိုးရိမ်ကြောင်း”၊ “အလွန်အမင်း စိုးရိမ်ကြောင်း”နှင့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို တိုက်တွန်းတောင်းဆိုသော ကြေညာချက်များသာ ထုတ်ပြန်ခဲ့ပြီး လက်တွေ့ကူညီမှု ပေါ်ပေါက်မလာခဲ့ဘဲ အကာအကွယ် မဲ့နေသော မြန်မာပြည်သူလူထုကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့ကြသည်။
ထိုသို့ ပျက်ကွက်ခဲ့သည့်ကာလအတွင်း အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၁၅ ရက်အထိ အာဏာသိမ်း စစ်တပ်၏အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ပြည်သူပေါင်း ၁၁၀၅ ဦးအထိ သေဆုံးခဲ့ရသည်။ လူပေါင်း ၈၂၂၃ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် လူပေါင်း ၆၅၇၂ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။
လက်ရှိအချိန်အထိလည်း မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် အာဏာသိမ်းစစ်တပ်က ပြည်သူများကို ထင်သလို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ညှဉ်ပန်းနှိပ်စက်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထု၏ ပစ္စည်းဥစ္စာများကို လုယက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ထောင်သွင်း အကျဉ်းချခြင်းစသည့်နည်းလမ်းပေါင်းစုံဖြင့် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ဆောင်ရွက်နေဆဲ ဖြစ်သည်။
လူဦးရေ ၅၄ သန်းကျော်ရှိသော မြန်မာပြည်သူများသည် အကာအကွယ်ကင်းမဲ့နေပြီး ရက်စက် ကြမ်းကြုတ်သော အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် ဆင်းရဲဒုက္ခပေါင်းစုံကို နေ့စဉ်ခါးစည်းခံနေကြရသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူလူထု၏ရွေးချယ်တင်မြှောက်မှုဖြင့် ပေါ်ပေါက်လာသော NUG အစိုးရသည် မြန်မာပြည်သူလူထုကို ကာကွယ်ရန် တာဝန်ရှိသည်။ အဆိုပါတာဝန်ကို ထမ်းဆောင်နိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အချိန်မဆွဲဘဲ ကူညီဆောင်ရွက်ပေးမှသာ မြန်မာနိုင်ငံမှ အသက်ပေါင်းများစွာနှင့် ဘဝပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်သည်။
NUG အစိုးရကို အသိအမှတ်ပြုမှု နောက်ကျသည်နှင့်အမျှ မြန်မာပြည်သူလူထုသည် အာဏာသိမ်း စစ်တပ်၏ ယခုထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသော ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ကြုံတွေ့ရနိုင်သည်ဆိုသောအချက်ကို ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သတိချပ်စေလိုသည်။
ထို့ကြောင့် အကာအကွယ်မဲ့နေသော မြန်မာပြည်သူလူထုကို ကာကွယ်ရန်အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြည်သူရွေးချယ်တင်မြှောက်ထားသော NUG အစိုးရကို အသိအမှတ်ပြုပေးရန်နှင့် ကုလသမဂ္ဂတွင် NUG အစိုးရကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ် အသိအမှတ်ပြုပေးရန် အထူးလိုအပ်နေပြီဖြစ်ပါသည်။
အယ်ဒီတာ