
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
အမေရိကန်နှင့်တရုတ်က မြန်မာအရေး အာဆီယံကိုယ်စားလှယ် ကြားဝင်ဖြန်ဖြေ ဆောင်ရွက်နိုင်ရေးကို ပိုအားထည့်နေပုံရပါတယ်။ တရုတ်အတွက်က သူ့နဲ့ကပ်ရက် အိမ်နီးချင်းနိုင်ငံတခုမှာ အနောက်တိုင်းအင်အားစုတွေ မရှိစေချင်ဘူး၊ သူ့ပြည်တွင်းက အစိုးရဆန့်ကျင်သူတွေ ပူးပေါင်းသွားမှာကိုလည်း စိုးရိမ်ပုံရတယ်။
ကိုရီးယားစစ်ပွဲတုန်းက UN ရဲ့ နိုင်ငံတကာတပ်ပေါင်းစုတွေ သူ့နယ်စပ်မျဉ်းနားကပ်လာတာနဲ့ တခါတည်း မြောက်ကိုရီးယားထဲကို စစ်ဝင်တိုက်တော့တာပါပဲ။ ဗီယင်နမ်မှာတုန်းကလည်း ကွန်မြူနစ်အချင်းချင်းဖြစ်ပေမဲ့ နည်းလမ်းမတူတဲ့ အဲ့ဒီတုန်းကလည်း သိပ်မတည့်တဲ့ ရုရှားက ဗီယက်နမ်အစိုးရနဲ့ မဟာမိတ်ဖွဲ့ စစ်လက်နက်ပစ္စည်းတွေကူညီတဲ့အခါ ဗီယက်နမ်ကို ဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိတယ်။
မြန်မာပြည်အရေးမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်အင်အားသိန်းချီ မြန်မာနယ်စပ်ကို ပို့ထားတယ်။ နယ်စပ်မျဉ်းတလျောက် လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်ခန်းတွေလုပ်ပြီး သူမကြိုက်တာတွေဖြစ်လာရင် ဆော်ဘို့အသင့်ဆိုတဲ့ သွယ်ဝိုက်သတင်းစကား ပေးနေတယ်။
သူ့အရှိန်အဝါကိုသုံးပြီး အာဆီယံကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံအရေး ကြားဝင်စေ့စပ် ညှိုနှိုင်းရေးဆိုင်ရာ ရပ်တည်ချက်မှာ အခြားပြည်ပနိုင်ငံတွေ ဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ အချက်ကို မပါပါအောင် ထည့်သွင်းစေတယ်။ သူ့လိုသကို အာဆီယံသဘောထားဖြစ်သွားအောင် သံတမန်ရေး အကာအကွယ်လုပ်ထားတယ်။
အမေရိကန်ကလည်း ပြည်တွင်းပြည်ပပြဿနာ သောင်းခြောက်ထောင်နဲ့ဆိုတော့ တရုတ်နဲ့ မြန်မာအရေးမှာ တင်းမာပြီး စစ်ရေးရန်စောင်သွားရမဲ့ အခြေအနေကို ရှောင်ရှားလိုတယ်။ မြန်မာပြည်မှာ proxy war ဖြစ်ရင် “သူအတွက်ဘာအကျိုးရှိမှာလဲ” ကို တွက်တယ်။
ဒီမိုကရေစီအရေးအကြောင်းပြပြီး စစ်ရေးဝင်စွက်ဖက်ရင် မြန်မာပြည်အရှုပ်ထုတ်ကို ဝင်ပြီးခေါင်းပေါ်ရွက်ရမဲ့သဘော ဖြစ်နေတယ်။ တောတတောမှာ ကျားသောင်းကျန်းကို ဝင်ရှင်းပြီးရင် ကျားအစား ချောင်းနေတဲ့ကျန်ဝံပုလွေတွေ နေရာအသီးသီးက ခေါင်းထောင်ထလာပြီး ဆက်သောင်းကျန်းနေတဲ့ အတွေ့အကြုံတွေက အမေရိကန်တွေအတွက် အတော်ခါးသီးနေပြီဖြစ်တယ်။ ဒီဒုက္ခကို မခံလိုဘူး၊
ဒါကြောင့်အမေရိကန်အကျိုးစီးပွားမရှိတဲ့ မြန်မာပြည်လိုနေရာမျိုးမှာ အကုန်အကျခံ စစ်ရေးနည်းနဲ့ ဒီမိုကရေစီဖော်ဆောင်တာကို လက်ရှောင်လိုတယ်။ လောလောလတ်လတ် အာဖဂန်အရေး ထဖြစ်လိုက်တော့ အမေရိကန်တွေအတွက် ပိုပြီးဆင်ခြင်သတိပြုစရာတွေ ဖြစ်လာတယ်။
လွှတ်တော်ရွေးကောက်ပွဲတွေနီးလာသည်နှင့်အမျှ နိုင်ငံရေးရွှေ့ကွက် တချက်ထပ်မှားတာနဲ့ သမ္မတဘိုင်ဒင်တို့ အခြေအနေယိုင်ဆင်းသွားနိုင်တယ်။ ဒါကြောင့် မြန်မာပြည်အရေး လေထိုးလေလျော် သံတမာန်ရေး နည်းလမ်းကနေပဲဆောင်ရွက်ဖို့ အမေရိကန်က စိတ်ဝင်စားတယ်။ မြန်မာအရေးအကိုင်အတွယ်မတတ်ရင် တင်းမာမှုများကာ ပိုပြီးဆတ်ဆတ်ထိမခံဖြစ်နေတဲ့ တောင်တရုပ်ပင်လယ် အရေးနဲ့ပါဆက်စပ်လာပြီး ဒီအခါ ကြိမ်းသေပေါက် စစ်ရေးတုန့်ပြန်မှုတွေပေါ်ပေါက်လာနိုင်တာမို့ အမေရိကားက ရှောင်ရှားလိုတယ်။
တရုပ်က အမှန်တကယ်သာဖိအားပေးရင် မြန်မာပြည် စစ်ခေါင်းဆောင်တွေ ကြိမ်းသေပေါက် ပြောင်းလဲမှာပဲလို့ အမေရိကန်တွေယူဆပြီး တရုတ်ကိုဘေးတိုက်အလွတ်သဘောညှိုပြီး မြန်မာ့အရေးဖိအားပေးဖို့ တွန်းနေတာဖြစ်ပါတယ်။ တရုတ်ကလည်း ဒေသအတွင်း သူဆက်လက်ဗိုလ်ကျနိုင်ရေးအတွက် အမေရိကန်နဲ့ အပေးအယူလုပ်နေတာပါ။
မြန်မာပြည်အပေါ်ထားတဲ့ တရုတ်မူဝါဒက ရှင်းပါတယ်၊ ဘယ်သူတက်တက် သူ့ခြံထဲက ကြက်ဖြစ်ဖို့၊ သူရိုက်သတ်စားချင်တဲ့အချိန် သတ်စားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ စစ်တပ်ကို စိတ်ပျက်လာပြီ NLD ပါတီကို ထောက်ခံတယ်ဆိုတာတွေက ဂျင်းပါ။ အပေါ်ယံတွေပါ။
အာဆီယံက ဘရူးနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး အာရီဝမ်က အောက်တိုဘာ လကုန်မှာမြန်မာပြည် လာဖို့ ပြင်ဆင်နေတယ်။ ဒီခရီးမှာ အဖြေတခုခုရဖို့ အမေရိကန်နှင့်တရုတ်က မျှော်လင့်နေကြတယ်။ မြန်မာပြည်သူတွေ ကြိုက်မကြိုက်မသိပေမဲ့ တရုပ်နဲ့ အမေရိကန်
ကမ္ဘာမှာ မျက်နှာမပျက် ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ဆက်လေထွားနိုင်မဲ့ ရလဒ်လောက်ရရင်ကို သူတို့သံတမန်ရေးမူဝါဒ အောင်မြင်တယ်ဆိုပြီး လက်ခမောင်းခတ်ချင်ကြတာပါ။
မှတ်မိကြမယ်ထင်ပါတယ်။ အိုဘားမားလက်ထက် နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်ပြီး ကမ္ဘာအနှံ့ အမေရိကန်ဆောင်ရွက်ချက်တွေအပေါ် ဝေဖန်မှုတွေမြင့်တက်လာတဲ့အခါ ဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲရေးဟာ အိုဘားမားရေး နိုင်ငံခြားရေး မူဝါဒ ကောင်းလို့ပါဆိုပြီး ဝင်အမှတ်ယူ သွားခဲ့ပါတယ်။ အဲ့ဒီ့အပြောင်းအလဲအတွက် အမှန်တကယ် နှစ်ကာလရှည်လျားစွာ ကူညီခဲ့သူတွေက ဥရောပနိုင်ငံတွေဖြစ်ခဲ့ပေမဲ့ အမေရိကန်က ဝင်နှမ်းဖြူးပြီး နာမည်ယူသွားခဲ့ရုံသက်သက်ပါပဲ။
ခုလည်းပဲ ဒီအတိုင်းပါပဲ။ စိတ်ဝင်စားမှုကိုယ်စီနဲ့ မြန်မာပြည်အရေး မြန်မာပြည်သူတွေရဲ့ အသက်၊ သွေးချွေး၊ မျက်ရည်တွေအပေါ်မှာ ဒီနိုင်ငံကြီးနှစ်နိုင်ငံက သံတမန်ရေး အလောင်းအစား လုပ်နေကြတာပါ။ ဒါလိုနဲ့ပဲ ကုလသမဂ္ဂ နိုင်ငံကိုယ်စားလှယ် ခန့်အပ်ရေးကို နိုဝင်ဘာလမှ လုပ်မယ်ဆိုပြီး ရွှေ့ဆိုင်းကာ သံတမာန်ရေးအချိန်ဆွဲ လိုက်ကြပါတယ်။ ဒါက ခွေးဝမ်းသာအောင် လေလည်ပြတာမျိုးဖြစ်နေပြီး ဒီအပေါ်မှာ မြန်မာပြည်သူတွေ ခွေးဖြစ်စရာ အကြောင်းမရှိပါဘူး။ အချိန်ဆွဲလေ ပိုနစ်နာလေဖြစ်ပါတယ်။
စဉ်းစားကြည့်ကြပါ။ အာဆီယံ ကိုယ်စားလှယ်ဆိုတာ ရမ်းကု ပါ။ ရမ်းကု ကုလို့ အနာရောဂါ ပျောက်စရာအကြောင်းမရှိပါဘူး။ အချိန်ဆွဲ ရမ်းကုလေ အနာရောဂါပိုရင့်ပြီး ပိုဆိုးလေပဲဖြစ်မှာပါ။ ရမ်းကု ကုနိုင်မှာ မဟုတ်ဘူးဆိုတာသိသိကြီးနဲ့ အားပေးနေတဲ့ နိုင်ငံကြီးတွေရဲ့ စိတ်စေတနာဟာ အံအားသင့်စရာပါပဲ။ ကမ္ဘာ့စာမျက်နှာမှာ ကျွန်တော်တို့ လူနာဆီကို ဆရာဝန်လွှတ်ထားပါပြီ၊ လိုအပ်တဲ့ ဆေးဝါးတွေလည်း ထောက်ပံပေးထားပါပြီဆိုပြီး ဟန်လုပ်ပြောဘို့လောက် သက်သက်နဲ့ ကယ်တင်ရှင်ကြီးတွေလုပ်နေကြတာပါ။
ဒါကြောင့် မျက်နှာဖုံးစွပ် သံတမန်ရေးနည်းလမ်း၊ ချွေးသိပ်ကျောသပ်တဲ့ သံတမန်ရေး နည်းလမ်း hoodwinked diplomacy ကို ရပ်တန်းကရပ်ပြီး ပြည်သူကိုမျက်နှာမူတဲ့ Genuine diplomacy စစ်မှန်တဲ့ သံတမာန်ရေး နည်းလမ်းကိုသာ အမြန်အကောင်ထည်ဖော်ဘို့ လိုအပ်နေပါတယ်။ ရမ်းကု ကန့်လန့်လုပ်နေတာကိုဖယ်မှ ဆေးကုတတ်တဲ့ သမားတော် ပေါ်လာမှာပါ။
(ဆရာ ဦးဝင်းမျိုးသူ၏ဆောင်းပါးကို ဖော်ပြပေးခြင်းသာဖြစ်ပြီး ဆောင်းပါး၏အာဘော်မှာ စာရေးသူ ဆောင်းပါးရှင်၏အာဘော်သာဖြစ်ကာ မိမိတို့ ဧရာဝတီတိုင်းမ်သတင်းဌာန၏အာဘော် မဟုတ်ပါကြောင်း ပရိတ်သတ်များအား လေးစားစွာတင်ပြအပ်ပါသည်။)