Myanmar's State Counsellor Aung San Suu Kyi attends Invest Myanmar in Naypyitaw, Myanmar, January 28, 2019. REUTERS/Ann Wang/File Photo

ဆောင်းပါးရှင် – သံလက်သီး
စက်တင်ဘာ ၂၂ ရက်

စစ်ကောင်စီရဲ့ မတရားဖမ်းဆီး တရားစွဲဆိုခြင်းခံထားရတဲ့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လူထုဆန္ဒကို သူဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူး”လို့ စက်တင်ဘာ ၂၀ ရက်နေ့က သူမရဲ့ရှေ့နေကတဆင့် တိုင်းပြည်ကို အမှာစကား ပါးလိုက်ပါတယ်။

ဒီအမှာစကားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကြား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ CRPH၊ NUG တို့ကြား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ PDF တွေ၊ G-Z တွေကြား သပ်သျှိုသွေးခွဲဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုရဲ့ စီမံကိန်းကို ဖြိုဖျက်လိုက်တာပဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြတဲ့ပုံစံမျိုးနဲ့ “NUG အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်များကို ဒေါ်အောင်ဆန်းစုကြည် မနှစ်သက်ကြောင်းနဲ့ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရန်တိုက်တွန်း”ဆိုတဲ့ ခေါင်းစဥ်နဲ့ သတင်းတုတစ်ပုဒ် ထွက်ပေါ်လာပါတယ်။

အဲဒီသတင်းကိုပဲ အာဏာသိမ်း စစ်တပ်ထောက်ခံတဲ့ အင်အားစုတွေက လူမှုကွန်ရက်မှာ ဖြန့်ဝေပြီး လက်ရှိ CRPH၊ NUG အစိုးရနဲ့ PDF တွေရဲ့လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည်ကပဲ သဘောမတူ လက်မခံသယောင် သတင်းမှားတွေဖြန့်ပြီး စစ်အာဏာရှင် ဖြုတ်ချရေးအင်အားစုတွေကြား သပ်သျှိုသွေးခွဲခဲ့ကြပါတယ်။

အဲတော့ အာဏာသိမ်း စစ်အုပ်စုဘက်က သပ်သျှိုသွေးခွဲလာတဲ့ အခြေအနေ အခင်းအကျင်းကို သုံးသပ်ကြည့်တဲ့အခါ အဓိက ရည်ရွယ်ချက် ၂ ခုနဲ့ ဆောင်ရွက်လာတာ တွေ့ရပါတယ်။

နံပါတ် ၁ ကတော့ လက်ရှိ CRPH၊ NUG အစိုးရနဲ့ PDF တွေ ဆောင်ရွက်နေတဲ့လုပ်ငန်းစဥ်တွေကို ဒေါ်အောင်ဆန်းစုကြည်က သဘောမတူဘူးဆိုတဲ့ သတင်းမှားပေးပြီး စစ်အာဏာရှင်ဖြုတ်ချရေး လုပ်ငန်းစဥ်တွေ ဝေဝါးရပ်တန့်သွားအောင်လုပ်တာ ဖြစ်ပါတယ်။

နံပါတ် ၂ အချက်ကတော့ အာဏာသိမ်း စစ်အုပ်စုဟာ CRPH၊ NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေ၊ CDM ဝန်ထမ်းတွေနဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံးက ဆန့်ကျင်ခုခံတော်လှန်မှုကြောင့် အကြပ်အတည်းပေါင်းစုံ ကြုံတွေ့နေရပါတယ်။

သူတို့လက်ထက်မှာ တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် ဘက်ပေါင်းစုံက ချွတ်ချုံကျလာတဲ့အပြင် သူတို့ခါးပိုက်ဆောင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပျူစောထီးနဲ့ အုပ်ချုပ်ရေးယန္တရားဟာလည်း သူတို့ ထင်မှတ်မထားလောက်အောင် ဘက်ပေါင်းစုံက တိုက်ခိုက်ခံနေရတဲ့အတွက် ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ တိုက်ပွဲတွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေးလုပ်လိုတဲ့ သဘောထားကို ထုတ်ဖော်ပြသလာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်တဲ့ သတင်းတု မထွက်ခင် NUG က D-Day ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နောက်ပိုင်းမှာ စစ်ကောင်စရဲ့ဝါဒဖြန့် သတင်းစာကနေ CRPH၊ NUG တို့ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင် အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းတဲ့သူတွေဆိုပြီး “သူခိုးက လူဟစ်”တဲ့ ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။

အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီမှု ၅ ချက်မှာလည်း တွေ့ဆုံဆွေးနွေးရေးကို ထည့်သွင်းထားပြီး အာဆီယံအဖွဲ့က ဒါကိုအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။

မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ချယ်လှယ်နေတဲ့ အင်အားကြီး တရုတ်နိုင်ငံကလည်း မြန်မာပြည်ထဲက သူ့အကျိုးစီးပွားတွေ ကာကွယ်နိုင်ဖို့အတွက် နှစ်ဘက်တွေ့ဆုံဆွေးနွေးပြီး မြန်မာပြည် အမြန်ဆုံးတည်ငြိမ်ဖို့ကို လိုလားနေပါတယ်။ အာဏာသိမ်း စစ်အုပ်စုကလည်း စစ်ပန်းနေပြီး ဘက်ပေါင်းစုံ အကြပ်ဆိုက်နေလို့ တိုင်းပြည်ကို သူတို့ ထိမ်းချုပ်နိုင်ရေး အချိန်ဆွဲဖို့အတွက် ဆွေးနွေးမှုလုပ်လိုတဲ့သဘောထား တွေ့နေရပါတယ်။

ဒါပေမယ့် CRPH နဲ့ NUG ကတော့ ရှင်းပါတယ်။ စက်တင်ဘာ ၇ ရက်နေ့မှာ D-Day ကြေညာပြီး စစ်အာဏာရှင်စနစ် ဖြုတ်ချဖို့အတွက် တနိုင်ငံလုံး ခုခံတိုက်ခိုက်ကြဖို့နှိုးဆော်လိုက်ပါတယ်။ ဒါဟာ အာဏာသိမ်းပြီး ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုကို အပြုတ်ဖြုတ်ဖို့ သဓိဌာန်ချပြီး စစ်ကြေညာတာ ဖြစ်ပါတယ်။

အဲ့နောက်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ပိုများလာသလို PDF များက ပျောက်ကြားစနစ်သုံးပြီး စစ်တပ်ပိုင် Mytel တာဝါတိုင်တွေကို ပစ်မှတ်ထား ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်ပါတော့တယ်။

ဗိုလ်မင်းအောင်လှိုင်ရဲ့ ခါးပိုက်ဆောင်စစ်တပ်ခမျာ PDF တွေ လိုက်ရှာဖမ်းရင်းကနေ Mytel တာဝါတိုင်တွေပြေးပြီး ကင်းစောင့်ရ၊ တာဝါတိုင်ဘေး မိုင်းထောင်ရ၊ မြို့တွေလုံခြုံရေးလည်း ယူထားရ၊ ဒီကြားထဲ သူတို့ထောက်တိုင် ပျူစောထီးနဲ့ သတင်းပေး ဒလန်တွေက အသတ်ခံရတဲ့အပြင် သူတို့ကိုယ်တိုင် မိုင်းဆွဲခံရ၊ ဗုံးဖောက်ခံရနဲ့ ဗန်းစကားနဲ့ပြောရရင် “တိုင်ပတ်”နေပါတော့တယ်။

ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ လက်ရှိမှာ တဖြည်းဖြည်း အင်အားချိနဲ့ပြီး ယိုင်လဲလုနီးပါး ဖြစ်လာချိန်မှာ စစ်အုပ်စုအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင် ဖြုတ်ချရေးအင်အားစုတွေအကြား သပ်သျှိုသွေးခွဲလာတာ ဖြစ်ပါတယ်။

အဲဒီ သပ်သျှိုသွေးခွဲမှုကို ဒေါ်အောင်ဆန်းစုကြည်က”လူထုဆန္ဒကို သူဘယ်တော့မှဆန့်ကျင်မှာမဟုတ်”ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ချေဖျက်လိုက်ပါတယ်။

သဘောကတော့ ပြည်သူတွေဟာ”ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အမြစ်ပြုတ်စေရမယ်”လို့ ဆုံးဖြတ်ပြီး ဆန့်ကျင်တော်လှန်မှုအရပေါ်ပေါက်လာတဲ့ CRPH၊ NUG အစိုးရနဲ့ PDF တွေရဲ့ကြိုးပမ်းအားထုတ် ဆောင်ရွက်နေမှုကို သူမအနေနဲ့ သဘောတူ လက်ခံအားပေးနေတယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းစကား ပါးလိုက်တာပဲလို့ ကျွန်တော်မှတ်ယူပါတယ်။

(ဤဆောင်းပါးမှာ စာရေးသူ၏အာဘော်သာဖြစ်ပြီး ဧရာဝတီတိုင်းမ်သတင်းဌာန၏ အာဘော်မဟုတ်ကြောင်း စာဖတ်ပရိတ်သတ်များအား လေးစားစွာ အသိပေး တင်ပြအပ်ပါသည်။)