
ဧရာဝတီတိုင်မ်း
စက်တင်ဘာ ၂၉ ရက်
တပ်မတော်တွင် လက်ရုံးတပ်နှင့် တိုက်ခိုက်ရေးတပ်ဟူ၍ ၂ မျိုးရှိသည်။ တိုက်ခိုက်ရေးတပ်ဟူသည်က ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းများဖြစ်ပြီး ရှေ့တန်းထွက်ရသည့်တပ်များဖြစ်သည်။ လက်ရုံးတပ်ဟူသည်က တပ်မတော်၏လုပ်ငန်းစဉ်တွေ လည်ပတ်နိုင်ရေးအတွက် စီမံဆောင်ရွက်ရသော တပ်များဖြစ်သည်။
တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့သည့်နောက် လက်ရုံးတပ်များမှာ သူတို့၏မူလလုပ်ငန်းများကို ရပ်နားထားရပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်အရ ဆန္ဒပြပွဲများကို ဖြိုခွဲခြင်း၊ မြို့ထဲရွာထဲ လုံခြုံရေးယူရခြင်း၊ စစ်ဆေးရေးဂိတ်စောင့်ရခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်သူများကို လိုက်လံဖမ်းဆီးရသည့်အလုပ်များကို လုပ်ကိုင်ခဲ့ရသည်။
အာဏာသိမ်းပြီး ၇ လအကြာ သြဂုတ်လမှာတော့ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က လက်ရုံးတပ်များထံမှ ရှေ့တန်းထွက်၍ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရန် စစ်သည်အင်အား ၁၅၀၀ တောင်းခံခဲ့သည်။ အာဏာသိမ်းခြင်း၏အကျိုးဆက်အရ ယခင်က ရှေ့တန်းထွက်ရလေ့မရှိသည့် လက်ရုံးတပ်များ ရှေ့တန်းထွက်၍ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရမည့်အခြေအနေ ဖြစ်လာခဲ့သည်။
အဆိုပါ လက်ရုံးတပ်များမှာ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးတပ်(ကပစ)၊ လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာတပ်(ကကလျှပ်)၊ သံချပ်ကာယန္တရားတပ် (ကကသံ)၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (ကကဆောက်)၊ စစ်လက်နက်ပစ္စည်းထိမ်းသိမ်းရေးတပ် (ကကနက်)၊ လေ့ကျင့်ရေးအရာရှိချုပ်ရုံးလက်အောက်ရှိ လေ့ကျင့်ရေးသင်တန်းကျောင်းများ (ကကကျင့်)၊ တပ်မတော် အင်အားဖြည့်တင်းရေးနှင့် စစ်သားစုဆောင်းရေးတပ် (ကကအင်)၊ တပ်မတော် စစ်တီးဝိုင်းတပ်၊ လေ့ကျင့်ရေးနှင့် အားကစားသိပ္ပံတပ်၊ နယ်လှည့်ဆက်ဆံရေးတပ်အပါအဝင် လက်ရုံးတပ်များစွာမှ စစ်သည်အင်အား ၁၅၀၀ ကို ရှေ့တန်းထွက်ရန် စစ်ခေါင်းဆောင်များက အင်အားတောင်းခံ ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်မိသားစုဝင်များနှင့် တွေ့ဆုံစဉ်ကလည်း လက်ရုံးတပ်ဖွဲ့ဝင်များ အနေဖြင့် တိုက်ခိုက်ရေးတပ်များကဲ့သို့ တိုက်ရည်ခိုက်ရည်မြင့်မားလာစေရန်နှင့် မည့်သည့်နေရာဒေသတွင်ဖြစ်စေ တာဝန်ထမ်းဆောင်နိုင်ရန် အစဉ်လေ့ကျင့်နေရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
ဒီအခြေအနေက အာဏာသိမ်း စစ်တပ်သည် တိုင်းပြည်ကို ထိမ်းချုပ်ရန်နှင့် ၎င်းတို့ကို ဆန့်ကျင်ခုခံတိုက်ခိုက်နေသော အင်အားစုများကို နှိမ်နင်းရန်အတွက် တိုက်ခိုက်ရေးတပ်များဖြင့် မလုံလောက်တော့သဖြင့် ယခင်က အစဉ်အလာမရှိသော လက်ရုံးတပ်များကို ရှေ့တန်းထွက်စစ်တိုက်ရန် ခိုင်းစေလာခြင်းဖြစ်သည်ဟု စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။
“တပ်က တိုက်ခိုက်ရတဲ့ စစ်မျက်နှာများလာသလို လုံခြုံရေးတာဝန်ယူရတဲ့ဧရိယာများလာတော့ သူတို့ အင်အားက ဘယ်လိုမှ မလောက်တော့ဘူး။ ရန်သူကလည်း ပတ်ချာလည် ဝိုင်းနေတာ။ အဲတော့ လက်ရုံးတပ်တွေထဲမှာ စစ်တီးဝိုင်းတပ်၊ နယ်လှည့်ဆက်ဆံရေးတပ်ပါမချန် ဆွဲထုတ်ပြီး ရှေ့တန်းပို့ဖို့လုပ်လာတာ”ဟု ဧရာဝတီတိုင်းမှ တပ်မတော်သားဟောင်း တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက လက်ရုံးတပ်များကို ၎င်းတို့၏မူလတာဝန်များ၊ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားစေပြီး လုံခြုံရေးယူရန်နှင့် စစ်ဆင်ရေးထွက်ရန် အသင့်ပြင်ဆင်ခိုင်းထားကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။
“လက်နက်ခဲယမ်းအပြည့် ထုတ်ပေးထားတယ်။ အရင်လို စက်ရုံတွေထဲ မဆင်းရတော့ဘူး။ လုံခြုံရေးဖြစ်ဖြစ် လိုအပ်လာရင် တန်းပြီးထွက်နိုင်အောင် ပြင်ခိုင်းထားတာ။ အဓိကတော့ တိုက်ခိုက်ရေးတပ်တွေ စစ်သည် အင်အားနည်းလာလို့ လက်ရုံးတပ်တွေကနေ လူဖြည့်နေတာ”ဟု ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးတပ်တွင်း တာဝန်ထမ်းဆောင်နေသူ တပ်မတော်အရာရှိတဦးက ဧရာဝတီတိုင်မ်းကို ပြောဆိုသည်။
တပ်မတော်တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မတိုင်မီကတည်းက လစဉ် တပ်မတော်သားများ ရောဂါဖြင့် သေဆုံးခြင်း၊ ထွက်ပြေးခြင်း၊ ပင်စင်ယူခြင်းနှင့် ကိုးကန့်တိုက်ပွဲ၊ ရခိုင်တိုက်ပွဲတို့၌ ကျဆုံးခြင်းစသည့်အကြောင်းအရင်း များဖြင့် ပြုန်းတီးအင်အားက ရှိနေခဲ့ပြီးသားဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် အထက်က ဖော်ပြခဲ့သည့်အကြောင်းအရာများအပြင် လူထုအာဏာဖီဆန်ရေးကမ်ပိန်း – CDM တွင် ပါဝင်ခြင်းနှင့် ဒေသအများအပြား၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ၏ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဆီသို့ ထိုးစစ်ဆင်သည့်တိုက်ပွဲများတွင် ကျဆုံးအင်အား များပြားလာသည့်အလျှောက် တပ်အင်အားက တဖြည်းဖြည်း ချည့်နဲ့လာနေခြင်းဖြစ်သည်။
တဖက်တွင် အကြောင်းအရင်းမျိုးစုံဖြင့် စစ်သည်အင်အားပြုန်းတီးနေသလို တဖက်တွင်လည်း တပ်သားသစ် စုဆောင်း၍ မရ၊ ဗိုလ်လောင်းသင်တန်းများသို့လည်း အရင်သားလျှောက်ထားမှု မရှိသလောက်ဖြစ်နေသည့် အခြေအနေများက အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်အထိနာစေခဲ့သည်။ တပ်မတော်တွင် အာဏာမသိမ်းမီအချိန်က ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်၊ မွန်စသည့် ပြည်နယ်တချို့နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတချို့၌သာ စစ်မျက်နှာရှိခဲ့သည်။ ဒါကလည်း ပြည်ပရန်မဟုတ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်း ပြန်လည်တိုက်ခိုက်သတ်ဖြတ်နေသည့် ပြည်တွင်းစစ်မျက်နှာများဖြစ်သည်။
အာဏာသိမ်းပြီးချိန်မှာတော့ ယခင်က တိုက်ပွဲမရှိ၊ ရန်သူ မရှိခဲ့သည့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အတွက် လက်နက်စွဲကိုင်ကာ ခုခံတိုက်ခိုက်သည့်အဖွဲ့များစွာ ပေါ်ထွက်လာခဲ့သည်။ အာဏာသိမ်း စစ်တပ်အတွက် စစ်မျက်နှာတွေက ပိုတိုးလာခဲ့ခြင်းဖြစ်သည်။
ထိုမျှမကသေး။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်း၌လည်း PDF တပ်ဖွဲ့များစွာက စစ်ကောင်စီတပ်တွေကို ဗုံးထောင်၊ ဗုံးပစ်တိုက်ခိုက်ခြင်း၊ စစ်တပ်ပိုင် Mytel တာဝါတိုင်များကို ဗုံးခွဲခြင်း၊ စစ်တပ် သတင်းပေးဒလန်များ၊ စစ်တပ်ထောက်တိုင်အင်အားစုများကို သုတ်သင်ရှင်းလင်းခြင်း၊ စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာရုံးများ ဗုံးခွဲခြင်းတို့ ဆက်တိုက်ပြုလုပ်ကာ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို အထိနာစေရန် နည်းမျိုးစုံဖြင့် ဒုက္ခပေးတိုက်ခိုက်လျှက်ရှိသည်။
“စစ်ကောင်စီက ဗျာများနေပြီ။ သူတို့ လက်ရှိအခြေအနေကို ဘယ်လိုမှ ထိမ်းလို့မနိုင်တော့ဘူး။ တိုက်ရတဲ့ စစ်မျက်နှာကလည်း ပိုများလာသလို မြို့ကြီးတွေကို ထိမ်းချုပ်ဖို့ အင်အားကလည်း မလောက်တော့ဘူး။ ရှိတဲ့ အင်အားတွေ အကုန်ထုတ်သုံးနေတာ တပ်ထဲမှာ နောက်ချန်အင်အားတောင် မကျန်သလောက်ဖြစ်နေပြီ”ဟု စစ်တပ် မိသားစုများနှင့်နီးစပ်သူ ပဲခူးတိုင်း၊ ပြည်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီအနေဖြင့် စစ်အင်အားနည်းပါးလာသည့်အတွက် တိုက်ပွဲများဖြစ်ပွားနေသော ချင်းပြည်နယ်သို့ ယာဉ်ထိန်းရဲ ၂၀၀ ကို လုံခြုံရေးရဲအဖြစ် အသွင်ပြောင်း၍ ပို့ဆောင်ခဲ့ရသလို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့အားလုံး PDF များ လာရောက်တိုက်ခိုက်လာပါက ခုခံတိုက်ခိုက်ရန် အစီအမံရေးဆွဲရာတွင် စစ်သားမိန်းမ (ရဲမေ) များကိုပါ လက်နက်ကိုင်စွဲတိုက်ခိုက်ရန် ညွန်ကြားခဲ့ရသည်အထိဖြစ်ခဲ့သည်။
ထို့ပြင် စစ်အင်အားလိုအပ်ချက်အရ စက်တင်ဘာနောက်ဆုံးပတ်အတွင်း၌ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ မြို့ကြီးတချို့တွင် လုံခြုံရေး ချထားသောတပ်များကို ပြန်ရုတ်၍ ကယားပြည်နယ် စစ်မြေပြင်သို့ ပို့ဆောင်ခဲ့သည်။ တကယ်တော့ စစ်ကောင်စီက ကယားပြည်နယ်ရှိ PDF များကို တိုက်ခိုက်နှိမ်နင်းရန်အတွက် ပဲခူးတိုင်းအခြေစိုက်၊ တပ်မ ၆၆ လက်အောက်ခံတပ်များကို ပြီးခဲ့သည့်မေလကတည်းက ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
“သူတို့မှာ အင်အားနည်းလာတော့ မြို့ပေါ်လုံခြုံရေးတပ်တွေပါ ပြန်ရုတ်ပြီး ရှေ့တန်းပို့တော့တာ။ အခုဆို စစ်မှုထမ်းဟောင်းတွေကို ငွေကြေးနဲ့ပြန်ငှားပြီး ကင်းစောင့်ခိုင်းနေတာတွေ လုပ်နေရတယ်။ လုံခြုံရေးဂိတ်တွေမှာ ပျောက်ကြားဝတ်ထားတာက စစ်သား၊ အရင်တုန်းက စစ်ယူနီဖောင်းအစိမ်းတွေဝတ်ပြီး သေနတ်ကိုင်နေတာတွေက စစ်မှုထမ်းဟောင်းတွေပဲ”ဟု ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှ စစ်မှုထမ်းဟောင်းများနှင့်နီးစပ်သူတစ်ဦးက ပြောပြသည်။
စစ်ပန်း၍ အင်အားချည့်နဲ့လာနေသည့် အာဏာသိမ်းစစ်ကောင်စီက သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် အပစ်အခတ်ရပ်စဲ၍ စားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေး အဖြေရှာရန် လေသံပစ်လာသည်။ တွေ့ဆုံဆွေးနွေးလိုသည့် ၎င်းတို့၏သဘောထားကို နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ဖော်လာသည်ဟု နိုင်ငံရေးအကဲခတ်များက ပြောဆိုကြသည်။
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို လိုချင်သည့်အတွက် လက်နက်စွဲကိုင်တိုက်ခိုက်နေသည့် PDF တပ်ဖွဲ့များကတော့ အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျသည်အထိ တိုက်ခိုက်သွားမည်ဟု ပြောသည်။
“ကျနော်တို့ကတော့ ဒီတိုက်ပွဲကို ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ပေါ်ပေါက်တဲ့အထိ တိုက်မယ်။ စစ်ကောင်စီကို တပါတည်း ဖြုတ်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တပါတည်း သွားနိုင်တဲ့ အခြေအနေဖြစ်အောင် ကျနော်တို့ ရည်မှန်းထားတယ်”ဟု ကယားပြည်နယ်၌ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ – KNDF ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ – PRA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဂျပန်ကြီးကလည်း “ကျနော်တို့ကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ တိုက် ပွဲဝင်သွားမှာဖြစ်တယ်။ လုံးဝနောက်ဆုတ်ဖို့ မရှိဘူး။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်တဲ့အထိ စစ် အာဏာရှင်ကို တော်လှန်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။