
ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ ဖေဖော်ဝါရီ ၁ ရက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာရဲစခန်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်၊ နံနက် ၆ နာရီ ဝန်းကျင်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
အနင်းရဲစခန်းနှင့် ထင်းရှူးကျေးရွာရဲစခန်းတို့ကို ပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းပိုက်ရရှိခါနီးတွင်စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း ထင်းရှူးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး နှစ် ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စခန်းကို ရခါနီးအချိန်မှာ အကြမ်းဖက်စစ်တပ်ဖက်က လေကြောင်းပစ်ကူ အချိန်မှီရောက်လာတာကြောင့် ပြန်ဆုတ်ခဲ့ရပါတယ်။ ထင်းရှူးကတော့ ဆယ်ယောက်ကျတယ်ဗျ။ အနင်းကတော့ ကျွန်တော်တို့ အတည်ပြုဖို့ စုံစမ်းဆဲဖြစ်ပါတယ်။ အနင်းကတော့ထိခိုက်မှုကို အကြမ်းဖျင်းသိပေမယ့် အတည်ပြုဖို့ ကြိုးစားနေပါတယ်” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ကူများအဆက်မပြတ်ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံတစ်ချို့မှာ စစ်ဘေးရှောင်တိမ်းခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့်အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ ရဲစခန်းများတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တောင်ညို စစ်ကြောင်း ၊ ရေးဘီလူးအဖွဲ့(SOF)နှင့် ပဒဲကောအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မွန်ပြည်နယ်အတွင်း ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များတွင် စစ်ကောင်စီစခန်းတိုက်ခိုက်ခံရမှုများမကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ရေး-သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီ ကြိုးတံတားစစ်ဆေးရေးဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်ခဲ့ပြီး တပ်သား ကိုး ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံက သိရသည်။
ဓာတ်ပုံ – တောင်ညိုစစ်ကြောင်း
#သံဖြူဇရပ် #အနင်းရဲစခန်း #ထင်းရှူးရဲစခန်း #လေကြောင်းတိုက်ခိုက် #စစ်ကောင်စီ #တောင်ညိုစစ်ကြောင်း #Ayeyarwaddy_Times