ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၂ ရက်

ကျောင်းကုန်းမြို့နယ်တွင် ကြက်ဝိုင်းနှင့် နွားပွဲများအား စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးနှင့် အပိုင်နယ်ထိန်းများပေါင်းကာ ခွင့်ပြုပေးနေကြောင်း ကျောင်းကုန်းမြို့နယ်ဒေသခံများထံမှသိရသည်။

ကျုံပျော်ခရိုင် ၊ ကျောင်းကုန်းမြို့နယ်တွင် လောင်းကြေးများစွာဖြင့် ကြက်ဝိုင်းများ ၊ နွားပွဲများ ပြုလုပ်နေကြပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့များအား လိုင်းကြေးပေးဆောင်ကာ တရားဝင်ကဲ့သို့ ပြုလုပ်နေကြကြောင်း ဒေသခံများထံမှသိရသည်။

“ကြက်ဝိုင်းတွေက ဒီဘက်မှာ တရားဝင်လိုပဲ ။ မိုးကြိုးပစ်ရွာဘက်မှာဆို တစ်ပတ်တစ်ခါလောက် ဖြစ်တယ်။ လောင်းကြေးလည်းကောင်းတယ် ။ ရာအိမ်မှူးတွေကို လိုင်းကြေးပေးလုပ်ကြတာပါ ။ ကြက်ဝိုင်းတွေနဲ့ ပတ်သတ်ရင် ဒီဘက်ကနာမည်ထွက်တယ် နယ်ပေါင်းစုံကနေချိန်ပြီးကြက်ပွဲလုပ်ကြတာ၊ လိုင်းကြေး ပေးထားတော့ ဖမ်းတာမျိုးလည်းမရှိဘူး “ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျောင်းကုန်းမြို့နယ်တွင် ကြက်ဝိုင်းများအပြင် နွားပွဲများပါပြုလုပ်နေကာ ပေါက်ကြေးပေါ်မူတည်၍ နယ်ထိန်းနှင့် အုပ်ချုပ်ရေးအဖွဲ့အား တစ်ပွဲလျှင် သိန်းဆယ်ဂဏန်းအထိ လိုင်းကြေးပေး လုပ်ဆောင် နေကြကြောင်း ဒေသခံများထံမှသိရသည်။

“ကြက်ဝိုင်းတွေထက်ဆိုးတာကနွားပွဲတွေ လောင်ကြေးလည်းမြင့်တယ်။ လူလည်းရာချီလာကြည့်ကြတယ်။ ဒါမျိုးပွဲတွေဆို တစ်ပွဲကို ၁၀ သိန်းလောက်အထိ လုပ်တဲ့သူတွေက လိုင်းကြေးပေးရတယ် ။ သိန်းထောင်ချီ ပေါက်တဲ့ပွဲတွေမှာ လိုင်းကြေးနည်းရင်ဆင်းဖမ်းတာမျိုးတွေတောင်ရှိပါတယ် “ဟု ကျောင်းကုန်းမြို့နယ် မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကြံခိုင်ရေးပါတီထောက်ခံသူများပြားသည့် ကျောင်းကုန်းမြို့နယ်တွင် တရားမဝင်လောင်းကစားဝိုင်းများအား လိုင်းကြေယူ ပြုလုပ်ပေးထားသော်လည်း ပြီးခဲ့သော ၂၀၂၃ ခုနစ်က ကျောင်းကုန်းနှင့် အိမ်မဲ နယ်စပ်တွင် ပြုလုပ်ခဲ့သော နွားပွဲတွင် လိုင်းကြေးအဆင်မပြေသဖြင့် စစ်ကောင်စီလက်အောက်ခံများမှ ဝင်ရောက်ဖမ်းဆီခဲ့ရာ ဆိုင်ကယ်အစီး ၁၀၀ ကျော် ဖမ်းဆီခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

#ကျောင်းကုန်းမြို့ #ကြက်ဝိုင်း #နွားပွဲ #စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး #နယ်ထိန်း
#Ayeyarwaddy_Times