
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
နယ်မြေခံ PDF များနှင့် KIA ပူးပေါင်းတပ်တို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကောလင်းမြို့ကို ပြန်လည်မထိန်းချုပ်နိုင်တော့သည့်အတွက် စစ်ကောင်စီအနေဖြင့် မြို့ကိုနည်းမျိုးစုံဖြင့် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ကောလင်းမြို့ကို စစ်ကောင်စီက ပြန်ရရှိနိုင်ရန်အတွက် ၀န်းသိုမြို့အတွင်းရှိ အခြေစိုက်စစ်စခန်းများမှ စစ်ကြောင်းထိုးခြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို လုပ် ဆောင်လျက်ရှိပြီး ယမန်နေ့ကလည်း ကောလင်းမြို့အနီးရှိ ကန့်ဘလူမြို့နယ်ထဲသို့ လေကြောင်းတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု ငါး ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ရှစ် ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်း PDF တပ်ရင်း ၂ ထံမှ သိရသည်။
ကန့်ဘလူမြို့နယ်ရှိ ဇော်ချောင်း၊ သင်တော၊ မကျည်းကုန်း၊ ပင့်သာ၊ ချောင်းကြား၊ အင်းမ၊ ဇီးကုန်း၊ ညောင် ကုန်းကျေးရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာများအတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များပျက်စီးဆုံး ရှုံးခဲ့ပြီး ပြည်သူ ရှစ် ဦးသေဆုံးကာ အများအပြားဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
“ကန့်ဘလူမှာ တိုက်ပွဲလည်းမရှိဘဲ မနက် ၁၁ နာရီ လောက်ကစပြီးတော့ ညနေအထိ ဗုံးလာကြဲတာ။ သင် တောရွာကို ဗုံးနှစ်လုံး၊ ဇော်ချောင်းရွာဘုန်းကြီး ကျောင်းကို ဗုံးနှစ်လုံး၊ ပင့်သာနဲ့မကျည်းကုန်းကို ဗုံးလေးလုံး၊ မကျည်းကုန်းနဲ့ချောင်းကြား အင်းမတို့ကို လာကြဲတော့ အကုန်လုံးကစစ်ရှောင်နေကြရတာဆို တော့ အိမ်တွေပဲပျက်စီးသွားတယ်”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဧရာ၀တီတိုင်းမ်ကိုပြော သည်။
စစ်ကောင်စီတပ်သည် ကောလင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပြီး အင်အား ၁၀၀၀ ခန့်ရှိ တပ်မပေါင်းစုံကို ကန့်ဘလူ တင့်ကားတပ်ရင်း တကရ ၆၀၀၆ နှင့် စစ်ကောင်စီကြံ စိုက်ပျိုးရေးတပ်အတွင်း၌ စုပေါင်းခေါ်ဆောင်ထားပြီး ကန့်ဘလူအနီးရှိကျေးရွာများကို စစ်ကြောင်းထိုး ၀င်ရောက်ခိုင်းကာ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ကောလင်းထဲကို ကန့်ဘလူကြံစိုက်ပျိုးရေးတပ်က စစ်ကောင်စီနဲ့ပျူတွေစုပေါင်းပြီး စမ်းသပ်ပြီးစစ် ကြောင်းထိုးဖို့ စေလွှတ်မယ်ပြောတယ်။ အစမ်းသပ်ခံ တွေဘ၀ကတော့ သနားစရာပဲ။ သေမှာပဲလေ။ လေ ကြောင်းတိုက်ခိုက်ပြီးတော့တောင် ပြန်မရတဲ့ကောလင်းကို အစမ်းသပ်ခံတွေလွှတ်တော့ အကြောင်းမဲ့ အသေခံခိုင်းသလိုပဲပေါ့”ဟု တပ်တွင်းသတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့အပြင် တင့်ကားတပ်ရင်း ၆၀၀၆ အတွင်း၌လည်း စစ်ကောင်စီ၏ Mi 17 နှစ်စီးနှင့် Mi 35 ရဟတ်ယာဉ် တို့ကို အသင့်အနေအထား ပို့ဆောင်ထားပြီး တော်လှန် ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကြောင်းထိုး ၀င်ရောက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တင့်ကားတပ်ရင်းထဲသို့ ဇန်နဝါရီ ၂၆ ရက်နေ့မှစပြီး စစ်ကောင်စီက တပ်ရင်းပေါင်းစုံမှ တပ်ဖွဲ့၀င် များကို စုဆောင်းထားပြီး ၎င်းတို့ကို ကျွန်းလှမြို့နယ်ထဲသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ ဖေဖော် ဝါရီ ၁ ရက်နေ့က မုံရွာနမခမှတက်လာသည့် MI 17 နှစ်စီးဖြင့် စစ်ကောင်စီတပ်သားများကို ကျွန်းလှမြို့ ဘောလုံးကွင်းမှတစ်ဆင့် ကိုးတောင်ဘို့ အထိုင်စခန်းသို့ ခုနှစ် ခေါက်၊ ၀န်းသိုတပ်ရင်းသို့ ငါးခေါက် စုစုပေါင်း ၁၂ ကြိမ်ထက်မနည်း ပို့ဆောင်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပင့်သာတိုက်နယ်၊ ချပ်သင်းတိုက်နယ်နှင့် ကိုးတောင် ဘို့တိုက်နယ်အတွင်းမှ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။
ပုံစာ-ကန့်ဘလူမြို့နယ်တွင်းမှ စစ်ရှောင်ပြည်သူများ (ပုံဟောင်း)
#ကန့်ဘလူ #ကောလင်း #စစ်ကောင်စီ #ဂျက်ဖိုက်တာ #ကိုးတောင်ဘို့ #ပင့်သာတိုက်နယ် #ချပ်သင်းတိုက်နယ် #Ayeyarwaddy_Times