
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂ ရက်
စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှု ဆိုင်ရာကော်မရှင်ကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က အတည်ပြုဖွဲ့စည်းခြင်းအပေါ် ယခင် ထုတ်ပြန်ထားသည့် ကန့်ကွက်မှု သဘောထားအတိုင်း ရပ်တည်လျက်ရှိကြောင်း စစ်ကိုင်းဖိုရမ်ထံက သိရသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်က စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီးနောက် ယမန် နေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ကိုယ်စားလှယ် ၅၇ ဦးဖြင့် အဆိုပါကော်မရှင်ကို အတည်ပြုဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။
“အခုကော်မရှင်က စစ်ကိုင်းလွှတ်တော်ရဲ့ ကြားကာလ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေရဲ့ ဆောင်ရွက်ချက် အစိတ်အပိုင်းဖြစ်တယ်။ အဲဥပဒေနဲ့ ပတ်သက်လို့ ဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ပြီးဖြစ်လို့ အဲ သဘောထားအတိုင်း ရပ်တည်ပါတယ်” ဟု စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွက် သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲနိုင်ရေးအား ဦးတည်လျှက် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေ အခန်း(၃)၊ ပုဒ်မ-၆၊ ၆(က)၊ ၆(ခ)၊ ၆(ဂ)၊ ၆(ဃ)၊ ၆(င)အရ လွှတ်တော်အထူးအစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ဖြစ်ကြောင်း သိရသည်။
ထိုကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေနှင့် ပတ်သက်၍လည်း စစ်ကိုင်းဖိုရမ်အပါအဝင် အဖွဲ့အစည်းပေါင်း တစ်ရာကျော်က ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ သဘေဆန္ဒ ပါဝင်မှုမရှိသောကြောင့် မြေပြင်ယုံကြည်မှု တည်ဆောက်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေခြင်း၊ တစ်ဖက်သတ် ပြဌာန်းခဲ့မှုကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေမှုများအား လုံးဝလက်မခံကြောင်း နှင့် ဖက်ဒရယ်ဒီမို ကရေစီ ပဋိညာဉ်နှင့်အညီ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့အနေဖြင့် နှစ်ကြိမ်တိုင်တိုင် ဖိုရမ်ကျင်းပခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ လူသားချင်းစာနာ ထောက်ထားရေး၊ လူမျိုးစုကဏ္ဍ အစုအဖွဲ့များနှင့် ၂၀၂၀ ရွေးကောက်ခံအစုအဖွဲ့ စသည့်အစုအဖွဲ့ ငါးဖွဲ့မှ ကိုယ်စားလှယ် ၃၅ ဦးပါဝင်သည့် စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)အား ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်တွင် ဖွဲ့စည်းခဲ့သည်။
“ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်ကနေ စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)ကို ဖွဲ့စည်းပေးပါတယ်။ ကျွန်တော်တို့ကတော့ တော်လှန်ရေးမှာ စုပေါင်းခေါင်းဆောင်မှုကို ယုံကြည်တဲ့အတွက် ကောင်စီ(ရှေ့ပြေး)အနေနဲ့ ဆက်သွားမှာပါ တချိန်တည်းမှာပဲ အားလုံးပါဝင်လာဖို့ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးလည်း ဖွင့်ထားပါတယ်” ဟု စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ဆိုသည်။
သို့သော် စစ်ကိုင်းဖက်ဒရယ်ကောင်စီ(ရှေ့ပြေး)၌ လတ်တလောတွင် ၂၀၂၀ ရွေးကောက်ခံ အစုအဖွဲ့များ ပါဝင်လာခြင်း မရှိသေးသော်လည်း ၎င်းတို့အတွက် နေရာချန်လပ်ထားပြီး ယင်းတို့အပါအဝင် တော်လှန်ရေးအင် အားစုများ ထပ်မံပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် ဆက်လက်ချိတ်ဆက် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
#ကြားကာလဖွဲ့စည်းပုံ #အခြေခံဥပဒေရေးဆွဲ #ကြိုတင်ပြင်ဆင် #ကော်မရှင်# စစ်ကိုင်းဖိုရမ် # စစ်ကိုင်းဖက်ဒရယ်ကောင်စီ #Ayeyarwaddy_Times