ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဖေဖော်ဝါရီ ၁ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ဘေးရှောင် ၅၀၀၀ ကျော်အတွက် အကူအညီများရရှိရန် ရည်ရွယ်ပြီး Kanpetlet Freedom Fund Website ကို တည်ထောင်ခဲ့ပြီး စစ်‌အာဏာရှင်တော်လှန်ရေးမှတ်တမ်းဗီဒီယို ( Documentary video )များနှင့် မှတ်တမ်းဓာတ်ပုံများ ကိုပြသွားမည်ဖြစ်ကြောင်း Kanpetlet Freedom Fund Team(KFF Team) ထံက သိရသည်။

တော်လှန်ရေးမှတ်တမ်းဗီဒီယိုများကို ရန်ပုံငွေရရှိရန်ရည်ရွယ်ပြီး Video Ticket များဖြင့် ဝယ်ယူကြည့်ရှုရမည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာသာကျသင့်မည်ဖြစ်ပြီး ငွေပေးချေရာတွင်လည်း Spring Development Bank၊ NUG Pay၊ Zelle စသည့် မိမိအဆေင်ပြေမည့် ငွေပေးချေရေးလမ်းကြောင်းဖြင့်ပေးချေကာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပြည်ပမှာရောက်နေတဲ့ ကျွန်တော်တို့လူတွေ ဥပမာ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာလောက်တော့ ဒီလိုပဲ လမ်းဘေးမှာ သူတောင်းစားတွေကိုလည်း ဒီတိုင်း‌ပေး လိုက်ကြတယ်။ ကျွန်တော်တို့ သားသမီးတွေကိုလည်းပဲ နှစ်ကျပ်၊ သုံးကျပ်၊ လေးငါးကျပ်အဲ့ဒီလိုတွေပေးလိုက်ကြတယ်ပေါ့ဗျာ။ ဆိုတော့ သိပ်ပြီးတန်ဖိုးမထားကြဘူး‌ပေါ့ဗျာ။ အဲ့ဒီ သိပ်တန်ဖိုးမထားတဲ့ တစ်ကျပ်ဟာ မြေပြင်မှာ ဒုက္ခရောက်နေတဲ့ သူတွေရဲ့ ထမင်းတနပ်စာဖြစ်သွားပါတယ်။ အဲ့ဒီ တနပ်စာအတွက်‌ကို လူသားချင်းစာနာ‌ထောက်ထားတဲ့အနေနဲ့ သူတို့လည်းပဲ ထမင်းငတ်နိုင်ပါလား၊ ဗိုက်ဆာပါလား၊ ရေငတ်နိုင်ပါလားဆိုတဲ့ ကိုယ်ချင်းစာနာစိတ်အပြည့်အ၀နဲ့ စေတနာရှိသလောက်လှူဒါန်းပေးပါ။ လှူဒါန်းရ လွယ်ကူအောင်လဲ ကျတော်တို့ကလုပ်ပေးထားတယ်” ဟု Kanpetlet Freedom Fund Team(KFF Team) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

Websiteအတွင်း Documentary Ticket အပြင် ငွေကြေးလှူဒါန်းချင်ပါကလည်း အဆင်ပြေရာ Bank များကိုရွေးချယ်ကာ လှူဒါန်းနိုင်ပြီး သိရှိလိုသည့်အကြောင်းအရာများကို Website အတွင်းရှိ Help Menu တွင် အသေးစိတ်ရှင်းပြထားကြောင်းလည်းသိရသည်။

“Donation လုပ်မယ် ဆိုလို့ရှိရင်လည်း donation နှိပ်မယ်၊ ပြီးတော့ ဘယ်ဟာနဲ့ ပိုက်ဆံပေးမလဲ ပေးမယ့်နည်းလမ်းကိုရွေးမယ်။ ရွေးပြီးလို့ရှိရင် OR Code ကိုပိုက်ဆံလွှဲမယ်။ လွှဲပြီးရင် လွှဲပြီးတဲ့အထောက်ထား Screenshot ကို Website မှာ တင်လိုက်ပြီဆိုတာနဲ့ ချက်ချင်းပဲ ကျွန်တော်တို့ telegram group မှာလည်းပဲ ပေးပို့လိုက်တဲ့ အချိန်နေ့ရက် အတိအကျကို ရောက်လာမယ်။ အဲ့ဒါအားလုံးကိုလည်း Helpထဲမှာ တင်ထားပါတယ်ဗျ။ အသုံးပြုလည်း လွယ်ကူပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ရှင်းပြထားသည်။

ယခုအခါ ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင် ၅၀၀၀ ကျော်ရှိပြီး အများစုမှာ ကန်ပက်လက်မြို့နယ်နှင့် အနီးတဝိုက်ဒေသများမှဖြစ်ကာ ကန်ပက်လက်မြို့နယ်အတွင်းတွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဝိုင်းဝန်းကူညီပေးကြရန်လည်းKanpetlet Freedom Fund Team(KFF Team) တိုက်တွန်းထားသည်။

ဓာတ်ပုံ – kanpetletfreedomfund.site
#ကန်ပက်လက် #စစ်ဘေးရှောင် #ငွေကြေးလှူဒါန်း #Website #Ayeyarwaddy_Times