ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားသည်မှာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သုံးနှစ်ပြည့်ခဲ့ဖြစ်ကာ ကုလသမဂ္ဂ(UN) အပါအဝင် အနောက်နိုင်ငံများက မြန်မာပြည် သူများနှင့်အတူ စစ်မှန်သောဒီမိုကရေစီစနစ် ဖြစ်ပေါ်လာရေးအတွက် ဆက်လက် ရပ်တည်မည် ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။

အရပ်သားအုပ်ချုပ်ရေးသို့ ပြန်သွားသည့် ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးကို ဦးတည်သည့် လမ်းကြောင်းတစ်ခုဖော်ဆောင်ကြရန် အရေးတကြီးလိုအပ်နေကြာင်း စစ်တပ်အာဏာသိမ်းခံရမှု သုံးနှစ်ပြည့်သည့် ယ‌နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ကိုယ်စားလှယ်က ထုတ်ဖော် ပြောဆိုထားသည်။

UN နှင့်အတူ ပူးတွဲထုတ်ပြန်သည့် နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၊ ဥရောပ သမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်အပါအဝင် အာရှမှ ကိုရီးယားသမ္မနိုင်ငံ တို့ပါဝင်သည်။

မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီပေးရေး ကိစ္စရပ်များအတွက်ဆွေးနွေး ရာတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက အားပေးထောက်ခံပေးရန် အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်ရာထူးကို အမြန်ဆုံးခန့်အပ်ရန် ကုလသမဂ္ဂကို တောင်းဆိုကြောင်း သိရသည်။

“မတရား ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အရပ်သားပြည်သူတွေ အပေါ်အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်း စာနာမှုအကူညီတွေ အပြည့်အဝပေးအပ်ခွင့်ရဖို့ လိုအပ်တယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

ယင်းပြင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ် မှုများနှင့် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကိုဖျက်ဆီးခြင်း ရိုဟင် ဂျာများအပါအဝင် ဘာသာရေးနှင့် တိုင်းရင်းသားအသိုက်အဝန်း အပေါ် စနစ်တကျခွဲခြား ဆက်ဆံမှုမြင့်မားလျက်ရှိကြောင်း ဆိုထားသည်။

စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် ပြီးခဲ့သည့်သုံးနှစ်က အရေးပေါ်လူသားချင်း စာနာမှု အကူအညီများလိုအပ်နေသူ လူဦးရေး တစ်သန်းရှိပြီး ယခုသုံးနှစ်အတွင်း လူသားချင်း စာနာထောက်မှု အကူအညီများလိုအပ်နေသူများ တိုးပွားလာကာ မြန်မာနိုင်ငံလူဦရေ၏ သုံးပုံတစ်ပုံ ၁၈ ဒသမ ၆ သန်းက အကူညီများလိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုသည်။

ယခုနှစ်အတွင်း လူဦးရေ ၁၈ ဒသမ ၆ သန်းထဲမှ ၅ ဒသမ ၃ သန်းကို လူသားချင်းစာနာ ထောက်ထားမှုများ ကူညီပေးရန် အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်ကြောင်း UNOCHA ( Myanmar) ထံက သိရသည်။

ထို့ပြင်စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်စွှန့်ခွာတိမ်း ရှောင်နေကြရသူများသည် စားဝတ်နေရေး ခက်ခဲလွန်းသည့်အပြင် ပြင်ပ အကူအညီများ ရရှိခြင်းမရှိကြောင်း ရှမ်းမြောက် “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ဘေးရှောင် နေသူများထံက သိရသည်။

“ ရွာကလူတွေရော ဘေးပတ်ဝန်းကျင်က ရွာတွေက စစ်ဖြစ်ရင်ဘုန်းကြီး ကျောင်းပဲ သွားနေရတယ်။ ကျောင်းမှာဆို လူဦးရေ တစ်ထောင်အောက်ရှိတယ်။ ဘုန်းကြီး ကျောင်းနဲ့နီးတဲ့ရွာတွေက အသံမကြားဘူး ဆိုရင် အိမ်ပြန်သွားတယ်။ အသံကြားရင် ပြန်လာတယ်။ ဘုန်ကြီးကျောင်းမှာနေတဲ့ ဒုက္ခသည်တွေကို အခြားက လာပြီးတော့ ကူညီတာမရှိဘူး။ ရွာနီးခြင်းတွေကပဲဆန်တွေ၊ ဆီတွေကူညီတယ်။ ဆားနဲ့စားနေရတဲ့ “ဝ” လူမျိုးတွေရှိတယ်။ အဲဒါဆိုရှမ်းတွေက ကူညီပြီး ဝိုင်းဖွဲ့စားကြတယ် ” ဟု လားရှိုးနှင့် တန့်ယန်းကြားရှိရွာတွင်နေထိုင်သူ စစ်ဘေးရှောင် ရှမ်းအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်း မ်ကိုပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာ-တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင် အာရှနိုင်ငံများထံ စစ်ဘေးရှောင်နေထိုင်ကြသူ၊ ရွှေ့ပြောင်းသွားလာ သူတိုးပွားနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) တွင် ဖော်ပြထားသည်။

စစ်တပ် အာဏာသိမ်းယူထားသည့် သုံးနှစ်အတွင်း လူဦးရေ ၄,၀၀၀ အသတ်ခံခဲ့ရပြီး လူဦးရေ ၂၅,၀၀၀ သည် မတရားအကျဉ်းကျခံနေရကြောင်း HRW က ဆိုထားသည်။

စစ်တပ်၏ အကြမ်းဖက်စစ်ဆင်ရေးနှင့် နိုင်ငံရေးဖိနှိပ်မှုများအဆုံးသတ်ရမည်ဖြစ်ပြီး တာဝန်ရှိသူများ အားလုံး တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

နိုင်ငံတဝှမ်းတွင် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြင်းထန်လာချိန် အတွင်း ရွေးကောက်ပွဲများကို ဦးတည်ရန် ထုတ်ဖော်ပြောဆိုထားသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီးစိုးရိမ်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုထပ်မံ ပြင်ဆင်ပြီး ပါတီများကို ဖြေလျော့ပေးခဲ့သည်။

စစ်ကောင်စီ၏ ယခင်သတ်မှတ်ချက်တွင် ပါတီဝင်အင်အား တစ်သိန်းမှ ငါးသောင်း ပြောင်းလဲခြင်း၊ နိုင်ငံတဝန်းဖွင့်ရမည့် ပါတီရုံး သတ်မှတ်ချက်ကို သုံးပုံတစ်ပုံဖွင့်ရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌပြောင်းလဲ၍ ရွေးကောက်ပွဲလမ်းကြောင်း ဆီ ဦးတည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်တစ်ခုဆီကို ကူးပြောင်းနိုင်ရေး အတွက် အာဆီယံဘုံ သဘောတူညီချက် (၅) ချက်အကောင်အထည်ဖော်ရန်အပါအဝင် အာဆီယံကိုယ်စားလှယ်များနှင့် အဓိပ္ပါယ်ပြည့်ဝပြီးအပြုသဘောဆောင်သည့် ထိတွေ့ ဆက်ဆံမှုများပြုလုပ်ရန် စစ်အာဏာရှင်အဖွဲ့ကို တောင်းဆိုကြောင်း အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများ၏ ပူးတွဲသတင်း ထုတ်ပြန် ချက်တွင် ပါဝင်သည်။

မြန်မာ့ဒီမိုကရေစီတိုက်ပွဲ၌ အမေရိကန်ပြည်ထောင်စု၏ အားပေးထောက်ခံမှုများတွင် စစ်ကောင်စီ အဖွဲ့ဝင် ခေါင်းဆောင်များအပါအဝင် ၎င်းတို့နှင့်ဆက်စပ်နေသော ခရိုနီများ၊ ကုမ္ပဏီများနှင့် စစ်ကောင်စီ လက်အောက်ခံ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အရေးပိတ်ဆို့မှုများ ပါဝင်သည်။

အာဏာသိမ်းမှု သုံးနှစ်ပြည့်တွင် အမေရိကန်က စစ်ကောင်စီလက်အောက်ရှိ မြန်မာ ကြယ် ငါးပွင့်သင်င်္ဘောလုပ်ငန်းနှင့် စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ( MEHL)နှင့် ခရိုနီပိုင် ရွှေဗျိုးဖြူလုပ်ငန်းစုတို့တို့ပူးပေါင်း၍ ရေနံတင်သွင်းပြီး အကျိုး အမြတ်များကို ခွဲယူနေမှုအပေါ်တွင်လည်း ပိတ်ဆို့ အရေးယူခဲ့သည်။

ထို့ပြင် နိုင်ငံခြားငွေရရှိရေးနှင့် စစ်တပ်အတွက်စက်သုံးဆီဝယ်ယူရာတွင်ပါဝင်သူ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌဦးသိန်းဝင်းဇော်နှင့် ဇနီးဒေါ်တင်မင်းလတ်၊ သားသမီး မသိမ့်ဝင်းထက်နှင့် ကိုဝင်းပိုင်ကျော်တို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူ လိုက်ကြောင်း ထုတ်ပြန်သည်။

ဦးသိန်းဝင်းဇော်နှင့် မိသားစုများသည် အနည်းဆုံးကုမ္ပဏီ ၂၀ ကျော်ဖွင့်ထားပြီး စစ်ကောင်စီ အကျိုးစီးပွားအတွက် ရေနံတင်သွင်းပေးနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင်ပါဝင်သည်။
ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်၊ The Kokang
#စစ်တပ် #စစ်ကောင်စီအာဏာသိမ်း #သုံးနှစ်ပြည့် #မြန်မာ့ဒီမိုကရေစီအရေး #ဆက်လုပ်ရပ်တည်မည် #UN #US #အနောက်နိုင်ငံများထုတ်ဖော် #USsanctions #ရွှေဗျိုင်းဖြူကုမ္ပဏီ #Ayeyarwaddy_Times