ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၄ ဉီးနဲ့ စီးပွား ရေးလုပ်ငန်း ၂ ခုကို အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

အရေးယူမှုဟာ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အထောက်အကူပြုတဲ့ ဝင်ငွေရပေါက်တွေနဲ့ မြန်မာနိုင်ငံမှာ စစ်လက်နက်တွေထုတ်လုပ်ဖို့ ပစ္စည်းကိရိယာတွေ ထောက်ပံ့သူတွေကို ပစ် မှတ်ထားတာလို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီ၊ အဆိုပါကုမ္ပဏီပိုင်ရှင် သိန်းဝင်းဇော်နဲ့ သူ့ဇနီး၊ သားသမီးနှစ်ဉီး၊ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလိုင်းတို့ကို ဒဏ်ခတ်အရေးယူကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလိုင်းတို့က စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေး ဉီးပိုင်ကုမ္ပဏီလီမိတက် (MEHL) နဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။

ဒဏ်ခတ်အရေးယူလိုက်တဲ့ စီးပွားရေးလုပ်ငန်းနှစ်ခုဟာ MEHL မှတစ်ဆင့် မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြား ငွေဝယ်ယူဖို့နဲ့ ဓာတ်ဆီ၊ အခြားကိရိယာတွေတင်သွင်းဖို့ အကူအညီပေးခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အရေးယူခံရသူတွေရဲ့ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းကာ အမေရိကန်နိုင်ငံသားတွေကို အဆိုပါကုမ္ပဏီတွေနဲ့ ထိတွေ့ဆက်ဆံမှုမပြုလုပ်ဖို့ ပိတ်ပင်ထားပါ တယ်။

“ကိုယ့်ပြည်သူတွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီကို ဝင်ငွေထောက်ပံ့နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ အမေရိ ကန်ဒေါ်လာ အလွှဲအပြောင်းပြုလုပ်တာကို ကန့်သတ်တာ အပါအဝင် ကျွန်တော်တို့ စစ်ကောင်စီအပေါ် စီးပွားရေး နဲ့ နိုင်ငံရေးဖိအား တိုးပေးနေပါတယ်” လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမီ လာက ရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်ဖို့နဲ့ စစ်မှန်သော အားလုံးပါဝင်တဲ့ ဒီမိုကရေစီရရှိရေးအတွက် အဖြေတစ်ခုရှာဖို့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ ဆက်လက် အားပေးနေပါတယ်” လို့ သူက ဆိုပါတယ်။

ပြည်သူတွေအပေါ် အကြမ်းဖက်တာ ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ လူသားချင်း စာနာမှုအကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီစနစ် ပြန်သွားလိုတဲ့ဆန္ဒကို လေးစားသမှုရှိဖို့ အမေ ရိကန် တာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေက မြန်မာစစ်တပ်ကို တိုက်တွန်းပါတယ်။

ကိုးကား – VOA
Ref; US Marks Anniversary of Myanmar Coup With New Sanctions

#Ayeyarwaddy_Times