အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒိုင်ရ်နယ်မြေတွင် တိုက်ပွဲတွင်း ထွက်ပြေးလာသည့် စစ်ကောင်စီ၏ အရာရှိ နှစ်ဦးအပါဝင် ၁၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်-ဒိုင်ရ် က ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၇၊ ခမရ ၅၃၈၊ ခမရ ၂၁၉၊ ခမရ ၃၇၆၊ ခမရ ၃၈၊ ခမရ ၅၈၇ တပ်ရင်း နှင့် ခမရ ၉၀၈ တပ်ရင်းတို့မှ သုံးပွင့် ဗုံးကြီး တစ်ဦး၊ နှစ်ပွင့် ဗိုလ် တစ်ဦးနှင့် ထောက်လှန်းရေး အရာရှိ (IO) တစ်ဦးအပါဝင် ၁၅ ဦးဖြစ်ပြီး ၎င်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ ဒိုင်ရ်နယ်မြေတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

“ပလက်ဝမြို့နယ်ထဲက ဒိုင်ရ်နယ်မြေထဲမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းရမိတဲ့ စစ်ကောင်စီ အရာရှိအပါဝင် စုစုပေါင်း ၁၅ ဦးဖြစ်ပါတယ်။ ပြင်းထန်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်အချို့ပါဝင်တယ်။ ဒဏ်ရာရ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကောင်းမွန်စွာ ဆေးကုသပေးနေပါတယ်။ အခုနောက်ပိုင်း တိုက်ပွဲတွင်း ဒိုင်ရ်နယ်မြေထဲမှာ စစ်ကောင်စီ ဘက်ထွက်ပြေးလာတဲ့သူတွေမိုပိုများလာတာကြောင့် CDF(ဒိုင်ရ်)နယ်မြေတွင်း ပြည်သူတွေ အနေနဲ့ ခရီးသွားလာတာ​တွေ မလုပ်ဖို့ သတိပေးချင်ပါတယ်” ဟု CDF(ဒိုင်ရ်)မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နှင့် ချင်းပြည်နယ် တိုက်ပွဲတွင်းမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးထဲတွင် ပြင်းထန်ဒဏ်ရာရသည့် တပ်ဖွဲ့ဝင် သုံးဦးနှင့် သာမာန် ဒဏ်ရာ ရရှိသူ တပ်ဖွဲ့ နှစ်ဦး ပါဝင်ပြီး ၎င်းတို့ကို CDF(ဒိုင်ရ်)မှ ဆေးကုသမူ ပြုလုပ်ပေးကာ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

ဖမ်းဆီးထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်ဖြစ်ပြီး ပြည်သူများအနေဖြင့် CDF(ဒိုင်ရ်) ထိန်းချုပ်နယ်မြေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်သည့်အတွက် ရေကြောင်းဖြင့် သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်ခြင်းများကို ဖေဖော်ဝါရီလ ၂ ရက်နေ့ မှ မတ်လ ၄ ရက်နေ့ထိ မပြုလုပ်ကြရန် အသိပေးထားကြောင်း သိရသည်။

#ပလက်ဝ #ဒိုင်ရ်နယ်မြေ #စစ်ကောင်စီ
#Ayeyarwaddy_Times