နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁ ရက်

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ် ပြောင်းလဲနေသည့် နွေဦးတော်လှန်ရေးကာလအတွင်း အရေးတကြီး လုပ်ဆောင်ရမည့် တိုင်းပြည်တာဝန်များထဲတွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ကြားကာလအစိုးရ ဖွဲ့စည်းရေးသည် အရေးကြီးသော တစ်ချက်ဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

NUG ယာယီသမ္မတက စစ်တပ် အာဏာသိမ်းခဲ့သည့် သုံးနှစ်ပြည့် ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်သော ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော် ဆဌမအကြိမ်အစည်းအဝေး မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း နောက်ထပ် အရေးတကြီး လုပ်ဆောင်ရမယ့် တိုင်းပြည်တာဝန်တွေ ရှိနေပါတယ်။ အဲသည့်ထဲမှာ နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ကတော့ ပြည်နယ်/ဖက်ဒရယ် ယူနစ်များရဲ့ ကြားကာလအစိုးရ ဖွဲ့စည်းရေးကိစ္စပဲ ဖြစ်ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ ပင်မရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် မရှိမဖြစ်တဲ့ လုပ်ငန်းတာဝန်တစ်ရပ် ဖြစ် တယ်လို့ ယူဆပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။

NUG အနေဖြင့် အဆိုပါလုပ်ငန်းတာဝန်အား အချိန်ပြည့်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC ) ကို ၂၀၂၃ ခုနှစ်၊ မေ ၃၀ ရက်တွင် ဖွဲ့စည်း၍ တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယခုအခါ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို ဖွဲ့စည်းနိုင်ခဲ့သလို ချင်းပြည်ကောင်စီကလည်း ကြားကာလ ချင်းအစိုးရ ဖွဲ့စည်းရေးအား ကြိုးပမ်းဆောင်ရွက်နေပြီး စစ်ကိုင်းတိုင်းတွင်မူ ကြားကာလ တိုင်းအစိုးရ ပေါ်ပေါက်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ခုခံတော်လှန်စစ်ကို အရှိန်မြှင့်တင်၍ မြေပြင်ထိန်းချုပ်မှုများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်နေပြီ ဖြစ်သောကြောင့် ၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်/ဖက်ဒရယ်ယူနစ်အားလုံး ကြားကာလအစိုးရ (သို့ မဟုတ်) အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် အရေးတကြီး လိုအပ်နေသည်ဟု NUG ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း နွေဦးတော်လှန်ရေး၏ ထူးခြားသည့် အပြောင်းအလဲတစ်ခုသည် တိုင်းများ၊ ပြည်နယ်များအားလုံး၊ လူမျိုးအားလုံး တန်းတူညီရေးအတွက် စနစ်တကျ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ယနေ့လွှတ်တော်အစည်း အဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် တိတိကျကျ ဖော်ပြထားပြီး ပြည်နယ်များသည် အတိုင်ပင်ခံကောင်စီများ ဖွဲ့စည်းကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်ယူနစ်အလိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေများ ပြင်ဆင်လျက်ရှိကြောင်း NUG ထံက သိရသည်။

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC )သည် ကြားကာလတွင် NUG နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ အစိုးရအဖွဲ့ (သို့မဟုတ်) အုပ်ချုပ်ရေးအဖွဲ့များ ပေါ် ပေါက်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များရှိ Stakeholders များနှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်သည့် ပံ့ပိုးမှုများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရန်၊ ဖက်ဒရယ်စနစ်အရ ဖော်ဆောင်ကျင့်သုံးရမည့် အစိုးရအချင်းချင်းအကြား ဆက်ဆံရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်နှင့် မူဝါဒများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ညှိနှိုင်းဖော်ထုတ်ရန်ဆိုသည့် ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

ပုံစာ-NUG ယာယီသမ္မတ ဒူဝါလရှီးလ

#ကြားကာလအစိုးရဖွဲ့စည်းရေး #တော်လှန်ရေးကာလ #အရေးတကြီးလုပ်ဆောင် #တိုင်းပြည်တာဝန် #NUGယာယီသမ္မတ #Ayeyarwaddy_Times