ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၀ လောင်းနှင့် လက်နက် ၅၀ လက်တို့ကို ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)သည် ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေစဉ် စစ် ကောင်စီတပ်နှင့် မြို့၏ မြောက်ဘက် တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PNLA က ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် PNLO/PNLA က နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅၀ လောင်းနှင့် လက်နက် ၅၀ လက်တို့ကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNO/PNA)တို့သည် လက်နက်ကြီးများ၊ လေယာဉ်များ အသုံးပြု၍ ပအိုဝ်းကျေးရွာများကို ပစ်ခတ်ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ညကလည်း စစ်ကောင်စီတပ်နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ်၊ လွယ်ထွဲကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားရာ ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း PNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)သည် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးဒေသနှင့် ဟိုပုံးမြို့နယ်တို့တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) အမည်ကို အလွဲ သုံးစားပြု၍ စစ်ကောင်စီအတွက် တပ်ဖွဲ့ဝင်သစ်များ လိမ်လည်စုဆောင်းနေကြောင်း သိရသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)အနေဖြင့် ယင်းဒေသများတွင် တပ်ဖွဲ့ဝင်အသစ်များ စုဆောင်းခြင်းမရှိဟု အသိပေးထားပြီး လက်ရှိတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့တို့ က ဆီဆိုင်မြို့နှင့် ပအိုဝ်းဒေသကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် မြို့တွင်းအခြေအနေသည် လုံခြုံမှုအားနည်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် မလိုလားသည့် ထိခိုက်မှုများ မဖြစ်စေရန် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းများ ပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန်နှင့် လုံခြုံဘေးကင်းသည့် နေရာများတွင် ခေတ္တခိုလှုံနေထိုင်ကြရန် PNO/PNA က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

ယင်းအပြင် ပအိုဝ်းဒေသ ထာဝရ လုံခြုံဘေးကင်းရေး၊ ပြည်သူများ လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရေးတွက် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ရာတွင် စစ်ကောင်စီကြောင့် ပြည်သူများ ထိခိုက်နိုင်သည်ကို သိရှိနားလည်ပါ သော်လည်း ပိုမိုဆိုးရွားသည့် စစ်အာဏာရှင် လက်အောက်တွင် မိမိတို့ပြည်သူကိုမစတေးနိုင်သဖြင့် ယခုနည်းလမ်းကို ရွေးချယ်ရခြင်းဖြစ်ကြောင်း PNO/PNA က ဆိုသည်။

ဓာတ်ပုံ-PNLA
#ဆီဆိုင်မြို့မြောက်ဘက် #စစ်ကောင်စီတပ် #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ်ဖွဲ့ဝင် #အလောင်း၅၀ #လက်နက်အလက်၅၀ #PNLAရရှိ #Ayeyarwaddy_Times