ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ရက်
ရခိုင်ပြည်နယ်၊ မင်းပြားတွင် လေးမြို့မြစ်ခေါ် ရာမောင်မြစ်အတွင်းသို့ စစ်ကောင်စီတပ်သားအလောင်း ၁၁လောင်း မျောပါလာကြောင်းကို ယမန်နေ့ ဇန်နဝါရီ ၃၀ရက်နေ့တွင် မင်းပြားဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအလောင်းများမှာ စစ်ကောင်စီ၏ စစ်ဝတ်စုံယူနီဖောင်းများနှင့်ဖြစ်ပြီး ရာမောင်မြစ်အတွင်း မျောပါလာရာ ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင်မှ ကမ်းနားတွင် နေသူများက တွေ့ရှိခဲ့ကြခြင်းဖြစ်ကြောင်း မင်းပြားဒေသခံများထံက သိရသည်။
“အခုလောလောဆယ်တော့ ၁၁ လောင်းတွေ့တယ်။ စစ်ယူနီဖောင်းနဲ့။ ဘယ်သူမှမဆယ်ရဲဘူး အကုန်ပွဖောင်းနေတာ။ ရေမျောကမ်းတင်ဘဝတွေဖြစ်နေပြီ” ဟု မင်းပြားမြို့နေ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ရက်နေ့က မင်းပြားသို့ ရေယာဥ်ဖြင့် စစ်ကူလာသည့် စစ်ကောင်စီ၏ စစ်ကူတပ်ကို ရက္ခိုင့်တပ်တော် (AA) ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ မြစ်အတွင်းမှနေ၍ ကြပ်စင်တံတားသို့ တက်ရန်ကြိုးစားနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်သေဆုံးနေသည့် ရုပ်သံဗီဒီယိုဖိုင်ကို ဇန်နဝါရီ ၂၀ရက်နေ့တွင် AA က ထုတ်ပြန်ခဲ့သည်။
ထိုသို့ထုတ်ပြန်ခဲ့သည့် ဗီဒီရိုဖိုင်အရ ယခုမြစ်ထဲမျောပါနေသည့် စစ်ကောင်စီတပ်သားအလောင်းများသည် ဇန်နဝါရီ ၂၀ ရက်နေ့က ကြပ်စင်တံတားအနီး သေဆုံးပြီး ရာမောင်မြစ်ထဲမျောပါလာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက မြေပြင်ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်ခံရသည့်အတွက် လိုအပ်သည့် စစ်ကူများကို ရေကြောင်းမှပို့ဆောင်နေရပြီး ရက္ခိုင့်တပ်တော် (AA)က မင်းပြားသို့ပို့သည့် စစ်ကူမှန်သမျှကို ကြားဖြတ်တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီ ဘက်မှ ထိခိုက်သေဆုံးမှု များပြားလျက်ရှိကြောင်းသိရသည်။
ရက္ခိုင့်တပ်တော်(AA)သည် ပြီးခဲ့သည့်ဇန်နဝါရီ ၂၈ရက်နေ့က မင်းပြားရှိ ခမရ -၃၈၀ တပ်ရင်းကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီ ၂၉ရက်နေ့တွင် ကျန်ရှိနေသည့် ခမရ- ၃၇၉ ကိုဆက်လက်တိုက်ခိုက်ရာ စစ်ကောင်စီ၏တပ်ရင်းမှူးနှင့် စစ်ကောင်စီ တပ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- နေရဥ္စရာ
ပုံစာ- ရာမောင်မြစ်ထဲမျောနေသည့် စစ်ကောင်စီတပ်သားအလောင်းများ
#မင်းပြား #ရာမောင်မြစ် #စစ်ကောင်စီတပ်သား #အလောင်းများရေထဲမျော #Ayeyarwaddy _Times