
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စစ်ကောင်စီ၏ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) လက်အောက်ခံ ကျောက်တော် ခမရ-၃၇၄ တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA) က အလုံးစုံ သိမ်းပိုက် ထိန်းချုပ်လိုက် နိုင်ကြောင်းသိရသည်။
ကျောက်တော်မြို့ရှိ စစ်ကောင်စီ၏ ခမရ-၃၇၄ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ ဇန်နဝါရီလ ၃၀ရက် နေ့က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ကြောင်း AA ၏ ထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ရက်နေ့က ကျောက်တော်မြို့ရှိ စကခ-၉ ကို AA က ထိုးစစ်ဆင်စတင်တိုက်ခိုက်ပြီးနောက် ကျောက်တော်ရှိ စစ်ကောင်စီ၏ ကျန်တပ်ရင်းများ စကခ-၉ ထဲတွင် လာရောက်ပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် (AA) ၏ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ကြာရှည်ခုခံရန်မဖြစ်တော့သည့် စစ်ကောင်စီက စကခ-၉ ရှိ တပ်မိသားစုဝင်များနှင့် ကျောက်တော်မြို့ နယ်ခံတပ်များမှ တပ်မိသားဝင်များကို စစ်တွေမြို့သို့ ပြောင်းရွှေ့ပေးခဲ့သည်။
ကျောက်တော်ရှိ ခမရ-၃၇၄ တပ်ရင်းကိုမသိမ်းမီ ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကျောက်တော်အမြောက်တပ် (၃၇၇) ကို သိမ်းပိုက်နိုင်ခဲ့သည့် အပြင် ဇန်နဝါရီ ၂၈ရက်နေ့ကလည်း မင်းပြားရှိ ခမရ -၃၈၀တပ်ရင်းကို သိမ်းပိုက် နိုင်ခဲ့သည်။
လက်ရှိတွင် ကျောက်တော်၌ အမာခံစစ်စခန်းအဖြစ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၉တစ်ခုသာ ကျန်ရှိနေပြီး အဆိုပါစကခ ၉ကိုလည်း AA က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေရာ စခန်း၏ အပြင်စည်းကို ထိုးဖောက်နိုင်ပြီဖြစ်ကြောင်း ရခိုင်စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ- မင်းပြား ခမရ ၃၇၉ကိုဝင်ရောက်တိုက်ခိုက်ရာမှ သိမ်းဆည်းရမိသည့် လက်နက်ခဲ ယမ်းများ
#ကျောက်တော် #စစ်ကောင်စီ #ခမရ ၃၇၄ #AAသိမ်းပိုက် #စကခ၉ #ခံတိုက်နေရ #Ayeyarwaddy_Times