မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်ရှိသော ပြည်နယ် များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန် မျှော်မှန်း ချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို တော်လှန်ရေးတပ်ဖွဲ့ များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ တွင် ဘုံသဘောတူညီချက်ကို ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်ဟု ပါရှိပြီး စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏နိုင်ငံရေး၌ပါ၀င်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင် တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သား အစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် အပြည့်အ၀ထားရှိရန် သဘောတူညီခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်း၍ ၎င်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှု မှန်သမျှကိုလည်း တိုက်ဖျက်သွားပြီး သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲကာ ဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်ကို တည်ဆောက် သွားမည်ဟုလည်း ဆိုထားသည်။
ထို့ပြင် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်များကိုလည်း ဖော်ဆောင် သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်ရှုတ်ချကာ တရားမ၀င် ကြောင်းကြေညာပြီး တော်လှန်ရေးတွင်ပါ၀င်ခဲ့သည့် တော်လှန်ရေးအစုအဖွဲ့များ စုပေါင်း ပါ၀င်မှုဖြင့် နိုင်ငံသစ်တည်ဆောက် သွားရန်နှင့် စစ်တပ်သည် အနာဂတ်နိုင်ငံရေးလုပ်ငန်း စဉ်တွင် ပါ၀င်ခွင့်မရှိစေရဟု ဘုံသဘောတူညီချက်တွင် ဖော်ပြပါ၀င်သည်။
နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းကြားပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည် မဟုတ်ဘဲ အာဆီယံကုလသမဂ္ဂနှင့် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့် အတူပူးပေါင်း၍ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်း ရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် ပြည်နယ်ဖက်ဒရယ်အစိုးရများ ဖွဲ့စည်းပြီး နယ်နိမိတ်ပိုင်းခြားသတ် မှတ်ရေးကိစ္စကို အဓိကသက်ဆိုင်သူများ အားလုံး ပါ၀င်သည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်း သွားမည်ဖြစ်ကာ တော်လှန်ရေးမဟာမိတ်အင်အားစု များနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်း ကုန် ဆောင်ရွက်သွားမည်ဟု NUG က ဘုံသဘောထားကို ထုတ်ပြန်ခဲ့သည်။
#NUG #တော်လှန်ရေးတပ်များ #ဘုံသဘောထားထုတ်ပြန်ချက် #TNUG #Ayeyarwaddy_Times