ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
စစ်ကောင်စီက တရုတ်အစိုးရဖမ်း၀ရမ်းထုတ်ထားသည့် ကိုးကန့်၊ ကျားဖြန့် လုပ်ငန်းအဓိကတရားခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဦးပယ်ဆောက်ချိန်နှင့် ၁၀ ဦးပါ အဖွဲ့ကို အကျဉ်းသားများအဖြစ် တရုတ်အစိုးရထံသို့ ပေးအပ်လိုက်ကြောင်း သိရသည်။
ဦးပယ်ဆောက်ချိန်သည် ကြံခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌဟောင်း၊ ကိုးကန့်ပြည်သူ့ စစ်ခေါင်းဆောင်တို့အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ကိုးကန့်ဒေသနယ်ခြား စောင့်တပ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးဝေဆန်း နှင့် ကိုးကန့်၏အချမ်းသာဆုံး ဖူလီလိုက်လုပ်ငန်းစုဥက္ကဋ္ဌ ဦးလျို အားပေါက်တို့ကိုပါ အကျဉ်းသားအဖြစ် တရုတ်နိုင်ငံသို့လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ ရဲတပ်ဖွဲ့သည် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူး လွန်ကြောင်းသံသယရှိသူ လေး ဦးတို့ကို တရားဥပဒေနှင့်အညီလွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
တရုတ်အစိုးရက ဖမ်း၀ရမ်းထုတ်ထားသည့် အဆိုပါလူပုဂ္ဂိုလ် ၁၀ ဦး ကို ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ည ၇ နာရီခန့်တွင် တရုတ်အစိုးရက အင်အားအများအပြားဖြင့် နေပြည်တော်သို့ လာရောက်ဖမ်းဆီးကာ နေပြည်တော်လေဆိပ်မှတဆင့် သီးသန့် လေယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။
အကျဉ်းသားအဖြစ် စစ်ကောင်စီက တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ဦးပယ်ဆောက်ချိန်သည် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်က တည်းက ကိုးကန့်ခေါင်းဆောင် ဥက္ကဋ္ဌဖြစ်သူ ဦးဖုန်းကြားရှင်ကို ဖြုတ်ချ၍ စစ်အစိုးရနှင့် လက်တွဲ၍ ကိုးကန့်ဒေသကို အာဏာသိမ်းယူခဲ့သူဖြစ်သည်။
၂၀၀၉ ခုနှစ်မှစ၍ ယခု ၂၀၂၄ ခုနှစ်အထိ စစ်ကောင်စီ နှင့်လက်တွဲကာ ၎င်းတို့အလို ကျလုပ်ဆောင်ပေးခဲ့သူ ဦးပယ်ဆောက်ချိန်သည် ကိုးကန့်ဒေသတွင် ကျားဖြန့် လုပ်ငန်း၊ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများနှင့် လူကုန်ကူးမှု လုပ်ငန်းများကို လက်နက်အားကိုး ဖြင့် တရား၀င်လုပ်ဆောင်လုပ်ခဲ့ပြီး တရုတ်အစိုးရက ဖမ်း၀ရမ်းထုတ်ရသည့် အဆင့်ထိ ရောက်ရှိလာသူဖြစ်ကြောင်း သိရသည်။
ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ်သုံးဖွဲ့သည် စစ်အာဏာရှင် တော်လှန်ရေးနှင့်အတူ ဒေသတွင်း ဒုက္ခပေး နေသည့် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် “၁၀၂၇ စစ်ဆင်ရေး” ကို စတင်ခဲ့သည်။
ထို့ကြောင့် စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံက ဖမ်း၀ရမ်းထုတ်ထားသည့် ကြံခိုင်ရေး ပါတီ ကိုယ်စားလှယ်ဟောင်း ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များနှင့် ကျားဖြန့်လုပ်ငန်းရှင် ၁၀ ဦး ကို တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးအပ်မှုများ ပြုလုပ်ခဲ့ရသည်။
ညီနောင် မဟာမိတ်အဖွဲ့များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့က လောက်ကိုင်ဒေသကို သိမ်းပြီးနောက် စစ်ကောင်စီသည် ဦးပယ်ဆောင်ချိန်နှင့် ၁၀ ဦးပါအဖွဲ့ကို လောက်ကိုင်မှတစ်ဆင့် လားရှိုးသို့ လေယာဉ်ဖြင့် ကယ်ထုတ်သွားခဲ့ပြီးနောက် လားရှိုးတွင်ပါ စစ်ရေးမတည် ငြိမ်မှုဖြစ်လာ၍ နေပြည်တော် သို့ခေါ်ယူစောင့် ရှောက်ပေးထားကြောင်း သိရသည်။
ထို့နောက် တရုတ်အစိုးရက ဖိအားပေးမှုများရှိလာခဲ့ပြီး စစ်ခေါင်းဆောင်နှင့် စစ်ဘက် ထိပ်တန်းအရာရှိများ၏ အကျိုးစီးပွားကို အဓိကလုပ်ဆောင်ပေးနေသည့် ဦးပယ်ဆောက်ချိန်နှင့်အဖွဲ့ကို စစ်ခေါင်းဆောင်က ၎င်း၏အကျိုးစီးပွား ထိခိုက်လာမည်စိုး၍ တရုတ်အစိုးရတောင်းဆိုသည့်အတိုင်း အကျဉ်းသားအဖြစ် ညတွင်းချင်း ဖမ်းဆီးရန် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင်နှင့် ၎င်း၏လက်အောက်ခံ စစ်တပ်အရာရှိများသည် ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်တတ်သည့်အတွက် စစ်ကောင်စီလက်အောက်ခံ နယ်ခြား စောင့်တပ် (BGF) ခေါင်းဆောင်ဖြစ်သည့် ဗိုလ်မှူးကြီးစောချစ်သူကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် စစ်ကောင်စီ၏ လက်အောက်ကခွဲထွက်၍ ၎င်းဌာနချုပ်တည်ရှိရာ နေရာတွင် သီးခြားရပ်တည်မည်ဟု ကြေညာခဲ့သည်။
နေပြည်တော်တွင် ခေါ်ယူထားသည့် ကိုးကန့်ဒေသ၏ အချမ်းသာဆုံးနှင့် သြဇာအကြီးဆုံး မိသားစုကြီး လေးစုဖြစ်သည့် ပယ်အိမ်၊ လျိုအိမ်၊ ဝေအိမ် နှင့် မြီအိမ်တို့၏ ဦးဆောင်သူများ အားလုံးသည် စစ်ခေါင်းဆောင်၏ လွှဲပြောင်းပေးမှုကြောင့် တရုတ်နိုင်ငံလက်ထဲရောက်ရှိသွားခြင်း ဖြစ်သည်။
ကိုးကန့်ဒေသ ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံသို ပေးအပ်ခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားခြင်း မရှိပေ။
ပုံစာ- ကိုးကန့် ဥက္ကဋ္ဌဟောင်း ဦးပယ်ဆောက်ချိန်အပါအဝင် ၁၀ ဦးကို အပြစ်သားအဖြစ် တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားစဉ်
#စစ်ကောင်စီ #နေပြည်တော်လေဆိပ် #တရုတ်အစိုးရ #ဦးပယ်ဆောက်ချိန် #ဖမ်း၀ရမ်း၁၀ယောက် #ဖမ်းဆီး #Ayeyarwaddy_Times