ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်အတွင်းမှာ ဖေ့ဘွတ်ပရိုဖိုင် အနက်ရောင်နဲ့ အနီရောင်ချိန်းထားလို့ ဖမ်းဆီးခံရသူ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၈ ရက်အထိ ၄ ရက်အတွင်း ၈ ဦးအထိရှိလာတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။
ဖမ်းဆီခံရတဲ့သူတွေဟာ သာယာဝတီမြို့နယ်က မအိခိုင်အပါအဝင် ၂ ဦး၊သုံးဆယ်မြို့ မေဖက်ရှင်ဆိုင်မှ မအေး ချမ်းမေနှင့် ကိုကျော်ထက်သူ ၊ ကြို့ပင်ကောက်မြို့နယ်က မသက်စုမွန်၊ မမြတ်နိုး၊မဟေမာနဲ့ ကိုချမ်းငြိမ်းအောင် စုစုပေါင်း ၈ ဦးရှိပြီလို့သိရပါတယ်။
ဖမ်းဆီးခံရသူတွေအများစုဟာ နိုင်ငံရေးအကျဥ်းသား ၄ ဦးကို စစ်ကောင်စီက ကြိုးပေးကွက်မျက်ခဲ့ပြီးတဲ့နောက် ဖေ့ဘွတ်လူမှုကွန်ယက်ပရိုဖိုင်မှာ အနီရောင်နဲ့အနက်ရောင်ထားရှိတာတွေကို စစ်လော်ဘီ ဟန်ငြိမ်းဦးနဲ့ Kyaw Swar တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြခြင်းခံရပြီးတဲ့နောက်ဖမ်းဆီးခံရတာလို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတွေကပြောပါတယ်။
” စချိန်းတဲ့ ၂၅ ရက်နေ့ကစပြီး သာယာဝတီ၊သရက်တောရွာက မအိခိုင်စပြီးအဖမ်းခံရတာ။ နောက် ဆက် တိုက်အဖမ်းခံရတယ်။ ဟန်ငြိမ်းဦးတို့၊ကျော်စွာတို့ တယ်လီဂရမ်တွေက သူတို့ ဖေ့ဘွတ်ဖရိုဖိုင်တွေကို စကရင်ရှော့ယူပြီး လိပ်စာအတိအကျနဲ့ဖမ်းခိုင်းလို့ ဖမ်းခံလိုက်ရတာ” လို့ သာယာဝတီမြို့ခံတဦးကဧရာဝတီတိုင်းမ်ပြောပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့ကစလို့ နိုင်ငံရေးအကျဥ်းသား ၄ ဦး ကျဆုံးရခြင်းအတွက် ဝမ်းနည်းတဲ့ပြည်သူတွေဟာ ဖေ့ဘွတ်ပရိုဖိုင်တွေမှာ အနီရောင်နဲ့အနက်ရောင် ပြောင်းလဲထားရှိပြီး စစ်ကောင်စီတပ်သားတွေက အဲ့ဒီလိုပြောင်းလဲထားသူတွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဖမ်းဆီးခံရသူတချို့။