ဗွီအာတီ/ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင်လ ၃၀ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့မှုကြောင့် နေအိမ်ပျက်စီးသွားသော အိမ်ခြေ(၄)အိမ်နှင့် စစ်ဘေးရှောင်ကျေးရွာများကို ဇူလိုင်လ ၃၀ ရက်နေ့တွင် မတူပီမြို့နယ်၊ (IDPs)ကူညီရေးအဖွဲ့က CDF-Matupi၊ တပ်ရင်း(၂)၊ ဘုံတလာတပ်ရင်းမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့မှ (၁၁)ရက်နေ့အထိ CDF-Matupiနှင့် ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၁)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ နှစ်ဖက်တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတူပီမြို့နယ်၊ ရိန်ခဲန်းကျေးရွာနှင့် အမ်လိုင်းကျေးရွာတို့မှ ပြည်သူနေအိမ်(၄)ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ပျက်စီးသွားသော ပြည်သူများကို IDPs(ကူညီရေးအဖွဲ့)က အိမ်ထောင်တစ်စုလျှင် ကျပ်ငွေ(၂)သိန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်ဟု CDF-Matupi၊ တပ်ရင်း(၂)၊ ဘုံတလာတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ထောက်ပံ့ငွေတွေဟာ IDPs(ကူညီရေးအဖွဲ့)ဆီက တစ်ဆင့်ပေးအပ်လာတာဖြစ်ပါတယ်၊ မီးရှို့ဖျက်ဆီးခံထားရတဲ့ အိမ်ခြေစုစုပေါင်းကတော့ (၄)အိမ်ပါ၊ ရိန်ခဲန်းရွာက (၂)အိမ်နဲ့ အမ်လိုင်းရွာက (၂)အိမ်ပါ၊ အိမ်ခြေတစ်ခုကို (၂)သိန်းကျပ်နှုန်းနဲ့ စုစုပေါင်း(၈)သိန်းထောက်ပံ့ပေးအပ်ခဲ့ပါတယ်”ဟု တပ်ရင်း(၂)၊ ဘုံတလာတပ်ရင်းမှ Ezekielက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်များက မကြာခဏထိုးစစ်ဆင်ပြီး အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နှိမ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် ကျေးရွာနေပြည်သူလူထုများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခိုလှုံထွက်ပြေးကြသည်။ အဆိုပါ စစ်ရှောင်ကျေးရွာများကိုလည်း IDPs(ကူညီရေးအသင်း)က တစ်အိမ်ထောင်လျှင် ကျပ်ငွေ(၃၀၀၀၀)စီကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်ပြာကျသွားတဲ့ အိမ်ခြေအပြင် စစ်ရှောင်ကျေးရွာတွေအတွက်လည်း တစ်အိမ်ထောင်ကို ကျပ်ငွေ(၃)သောင်းစီထောက်ပံ့ခဲ့ပါတယ်၊ ထောက်ပံ့ပေးအပ်တဲ့ ကျေးရွာတွေကတော့ အမ်လိုင်းကျေးရွာ၊ ရိန်ခဲန်းကျေးရွာ၊ ပခဲန်းကျေးရွာ၊ ကစဲကျေးရွာ၊ ဘွေထီးယားကျေးရွာနှင့် ခွါငန်းကျေးရွာတို့ ဖြစ်ပါတယ်” ဟု Ezekielက ဆက်လက်ပြောဆိုသည်။

ထောက်ပံ့ငွေများကို CDF-Matupi၊ တပ်ရင်း(၂)၊ ဘုံတလာတပ်ရင်းမှ တာဝန်ရှိသူများက ကျေးရွာအသီးသီးသို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ကျေးရွာရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။ IDPs(ကူညီရေးအသင်း)မှ ထောက်ပံ့ငွေပေးအပ်သော ကျေးရွာများမှ ပြည်သူလူထုအများစုသည် အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။