ဧရာဝတီတိုင်းမ်/ကိုကိုမောင်
(မအူပင်)/ဇူလိုင်လ ၃၀ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ရွှေဆိုင်ဗုံးပစ်ခံရပြီးနောက် ဘိုကလေးမြို့ခံ ၃ ဦးကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၇ ရက်နေ့တွင် စွပ်စွဲဖမ်းဆီးထားကြောင်း ဒေသခံများထံကသိရသည်။
ဇူလိုင်လ ၂၆ ရက် မနက်ပိုင်းက ဘိုကလေးမြို့ အမှတ် ၃ ရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူပိုင် ဆိုင်သည့် ပြည်ကျော်ရွှေဆိုင်အား ဧရာဝတီတိုက်ငါးမန်းပြောက်ကျားတပ်ဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဘိုကလေးမြို့ခံ အမျိုးသမီး ၂ ဦးနှင့်အမျိုးသား ၁ ဦးကို PDF ကို ထောက်ခံအားပေးသည်ဟုဆိုကာစွပ်စွဲဖမ်းဆီးထားခြင်းဖြစ်ကြောင်းသိရသည်။
” ရွှေဆိုင်ဗုံးနဲ့အပစ်ခံရတာနဲ့ပတ်သက်ပြီး ဒေသခံ အမျိုး သမီး ၂ယောက်နဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက် အားပေးတယ်ဆိုပြီးဖမ်းသွားတာ။ သိရသလောက်က ခုဖမ်းခံရတဲ့ ၃ ယောက်က သူတို့ CCTV Recordမှာလည်းပါတာမဟုတ်ဘူး။ အဲ့ဒီရွှေဆိုင်ပိုင်ရှင်ကဖမ်းခိုင်းတဲ့သူတွေကို ဖမ်းသွားတာ။ ပြီးတော့ အကြမ်းဖက်အားပေး ကူညီတယ်ဆိုပြီး ပုဒ်မ ၅၀ (ဂ) နဲ့တရားစွဲထားတယ်” ဟု ဘိုကလေးဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်း၊ဟင်္သာတ၊ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲမြို့များတွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ ဗုံးခွဲတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်ကလည်း လုံခြုံရေးတိုးမြှင့်စစ်ဆေးနေပြီး မတရားဖမ်း ဆီးမှုများပိုမိုလုပ်ဆောင်နေကြောင်း ဒေသခံများထံကသိရသည်။