ဧရာ၀တီတိုင်းမ်
ဇန်န၀ါရီ ၃၁ ရက်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ ကမ်းနီ တိုင်းဗဟို ၉ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၉)မှ သင်တန်းသားများနှင့် အရာရှိမိသားစု၀င် များကို ပြည်နယ် မြို့တော် စစ်တွေသို့ တိမ်းရှောင်ခိုင်းထားကြောင်း သိရသည်။
မင်းပြားမြို့၊ ကမ်းနီရှိ တိုင်းဗဟို တတက-၉ အတွင်းရှိ သင်တန်းသားများနှင့် အရာရှိမိသားစု၀င်များကို ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက MI -17 ဖြင့် လာရောက်ခေါ်ဆောင်သွားပြီး မြို့တော်စစ်တွေသို့ ပို့ဆောင်ပေးခဲ့ကြောင်း စစ်ကောင်စီ၏ တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
“မင်းပြားက AA လက်ထဲကို ရောက်သလောက်ဖြစ်နေပြီ။ တပ်စခန်းတွေလည်း သိပ် မကျန်တော့ဘူး။ အခုလည်း ကမ်းနီကို စစ်ရေးပြင်လာတဲ့ပုံပေါ်လို့ ကျောင်းက သင်တန်းသားတွေရော အရာရှိမိသားစုတွေကိုပါ စစ်တွေကိုပို့လိုက်တာ။ မနက်က လေယာဉ်နဲ့ တစ်ခေါက် သယ်သွားတယ်။ ထပ်ပြောင်းဖို့တွေလည်းရှိသေးတယ်”ဟု အနောက် တောင်တိုင်းစစ်ဌာနချုပ်(နတခ)နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ် ကို ပြောသည်။
မင်းပြားရှိ စစ်ကောင်စီ၏ ခမရ-၃၈၀ ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၂၉ ရက်နေ့တွင်လည်း ခမရ -၃၇၉ ကို AA က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့၀င်အများ အပြားသေဆုံးပြီး အရှင်ဖမ်းဆီးရမိမှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် မင်းပြားမြို့ကို မြေပြင်ထောက်ပို့ ပြုလုပ်နိုင်ခြင်းမရှိတော့သည့်အပြင် ရေကြောင်းမှပေးပို့သည့် စစ်ကူများသည်လည်း ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် လေကြောင်းကိုသာ အားပြုတိုက်ခိုက်နေရ ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
အဆိုပါ မင်းပြား၊ ကမ်းနီကို AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ထိန်းချုပ်နိုင်ပါက မကွေးတိုင်း အတွင်းသို့ လမ်းပွင့်သွားပြီး အဆိုပါတိုင်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့ များနှင့် ချိတ်ဆက်မိပြီး တော်လှန်ရေးကို ပိုမိုဖော်ဆောင်သွားနိုင်မည် ဖြစ်သည့်အတွက် စစ်ကောင်စီက မင်းပြားကို အပြင်းအထန်ခုခံကာကွယ် တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရေးပြင်းထန်နေသည့် ဒေသများမှ တပ်မိသားစု၀င်များကို မဆုတ်တမ်းခံစစ်ပြင်ထားသည့် စစ်တွေမြို့သို့ ပို့ဆောင် ပြောင်းရွှေ့ပေးနေပြီး ယခုလက်ရှိတွင် ကမ်းနီရှိ တိုင်းဗဟို-၉ တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းမှ မိသားစု၀င်များကို စစ်တွေသို့ ပြောင်းရွှေ့ပေးနေခြင်း ဖြစ်သည်။
#ရခိုင် #မင်းပြား #ကမ်းနီ #တိုင်းဗဟို၉တတက #စစ်ကောင်စီ #အရာရှိမိသားစု #စစ်တွေ #ပြောင်းပြေး #Ayeyarwaddy_Times