ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီလက်ဝေခံ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
မနိုဘယ်အေးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ ခြင်းဖြစ်ကြောင်း ဖော်ပြထားကာ မနိုဘယ်အေးသည် လက်ရှိတွင် ပြင်းထန်သည့် အမျိုးသမီးရောဂါကိုခံစားနေရပြီး အကိုက်အခဲပျောက်ဆေး များကိုနေ့စဉ်သောက်သုံးနေရသည့်အတွက် ကျန်းမာရေးအခြေအနေအရ အသက်အန္တရာယ်ကိုပါ စိုးရိမ်နေကြောင်း သိရသည်။
“စစ်ကောင်စီရဲ့ တယ်လီဂရမ်ကနေ ဖြန့်မှ ကျွန်တော်တို့ကသိရတယ်။ သူ(မနိုဘယ်အေး)ကဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ အဖမ်းခံထားရလဲဆိုတာ စစ်ကောင်စီကရေးထားသလိုပဲ သိရတာ။ သူဖမ်းဆီးမခံရခင်မှာ အမျိုးသမီးရောဂါကို ခံစားနေရတဲ့အတွက် အကိုက်အခဲပျောက်ဆေးကို နေ့စဉ်သောက်သုံးနေရတယ်။ ဒီလပိုင်းမှာလည်း ဝိတ်တွေ ကျသွားပြီး ကျန်းမာရေးလဲမကောင်းတဲ့အတွက် ကျွန်တော်တို့ကစိုးရိမ်နေတယ်။ စစ်အာဏာရှင်က ပေါ်ပေါ်တင်တင်ပဲ လူတွေကိုသတ်ဖြတ်ပြတာတွေ၊ စစ်ကြောရေးမှာ လူတွေ ကိုသေအောင် ရိုက်နှက်ညှင်းပန်းနှိပ်စက်တယ် ဆိုတာတွေကို ကြားနေရတဲ့အတွက် ကျွန်တော်တို့အစ်မကို အဲ့လိုသတ်ဖြတ်မှာ စိုးရိမ်တယ်” ဟု မနိုဘယ်အေး၏ မောင်ဖြစ်သူ ကိုထက်မြက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မနိုဘယ်အေးသည် လူ့အခွင့်ရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ် ဖမ်းဆီးထောင်ချခြင်းခံရကာ ကိုဗစ်ကာလတွင်လည်း တက်ကြွစွာပါဝင်ကူညီပေးခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။
“သူ့ကိုဖမ်းဆီး ထားတယ်ဆိုတဲ့အချိန်ကနေ အခုအချိန်အထိ ကျွန်တော့်အစ်မ ဘယ်မှာရှိတယ်၊ ဘယ်ရောက်နေလဲ၊ ဘယ်လိုအခက်အခဲတွေနဲ့ကြုံနေရလဲ၊ ဘယ်လိုမျိုး နှိပ်စက်ညှင်းပန်းခံနေရလဲဆိုတာ ကျွန်တော်တို့ ဘာတစ်ခုမှမသိရတဲ့အတွက် တော်တော် ကိုစိုးရိမ်နေပါတယ်။ နောက်တစ်ခုက ဆေးဝါးကုသမှု ရနေလား၊ မရနေလား၊ ကိုက်ခဲ ပျောက်ဆေးတွေတောင် ရပါ့မလားဆိုတာကိုလဲ စိုးရိမ်နေပါတယ်” ဟု ကိုထက်မြက်က ဆက်လက်ပြောသည်။
စစ်ကောင်စီလော်ဘီ မီဒီယာများက ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် သိန်းသန်းကျော် ခရီးသည်တင်ကားမှနေ၍ စနိုက်ဘာ နှစ်လက်၊ MA-1 တစ်လက်၊ MA3 တစ်လက်၊ ပစ္စတို တစ်လက်တို့ကို ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် Hilux အမျိုးအစား မော်တော်ယာဥ်ပေါ်တွင် အမျိုးသမီးတစ်ဦးကို လက်ပစ်ဗုံး ၁၄ လုံးနှင့်အတူ ဖမ်းဆီးရမိ၍ ယာဉ်မောင်းသူ အမျိုးသားကိုပါ ဖမ်းဆီးထားကြောင်း ရေးသားဖော်ပြနေသော်လည်း ဧရာဝတီတိုင်းမ်အနေဖြင့် ဖြစ်စဉ်အသေးစိတ်ကို သိရှိရခြင်းမရှိပေ။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဝေါ #ညောင်ခါးရှည်စစ်ဆေးရေးဂိတ် #မနိုဘယ်အေး #နိုင်ငံရေးအကျဉ်းသူဟောင်း #ဖမ်းဆီးခံရ #ကျန်းမာရေးစိုးရိမ်ရ #Ayeyarwaddy_Times