မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

စစ်ခေါင်းဆောင်ဗိုလ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်း ၃ နှစ်ပြည့်မြောက်ရန် ၁ ရက်အလို ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး စစ်အာဏာကို နောက်ထပ်သက်တမ်း ခြောက်လထပ်တိုးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးတွင် အစည်းအဝေးပြု လုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဟုဆို ကာ နောက်ထပ်အာဏာကို ခြောက်လ သက်တမ်းထပ်တိုး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် တစ်နှစ် သက်တမ်းအုပ်ချုပ်ကာ အရေးပေါ်အခြေအနေကြေညာ၍ အာဏာ သက်တမ်း ၆ လစီတိုးခဲ့ရာတွင် ယခုတစ်ကြိမ်အပါအ၀င် ၅ ကြိမ်ရှိပြီဖြစ်သည်။

စစ်ခေါင်းဆောင်က ယခုတစ်ကြိမ်သက်တမ်းတိုးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂၅ အရ သာမန် အခြေအနေမဟုတ်ဘဲ တိုင်းရင်းသားနယ်မြေ များတွင် တိုက်ခိုက်မှုများရှိနေခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနှင့် အွန်လိုင်းကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်ရှိနေသေးခြင်း တို့အပြင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေ သေးခြင်းတို့ကြောင့် ထပ်မံ၍သက်တမ်းတိုးရခြင်း ဖြစ်သည်ဟု အကြောင်းပြထားကြောင်း သိရသည်။

ထို့အပြင် စစ်ခေါင်းဆောင်၏ တင်ပြချက်ကို ကာလုံ အဖွဲ့၀င်များက ထောက်ခံခဲ့ကြပြီး နိုင်ငံတ၀န်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လတိုးမြှင့် သတ်မှတ်လိုက် ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

#စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #အာဏာသက်တမ်း #၆ လထပ်တိုး #၅ကြိမ်မြောက် #Ayeyarwaddy_Times