မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

စစ်ကောင်စီ၏ ရဟတ်ယာဉ် သုံး စီးသည် ယခုနှစ် အစတွင်ပင် ရက်အနည်းငယ်သာခြား၍ ပစ်ချခံရသည့်အတွက် စစ်ခေါင်းဆောင်က လေကြောင်းခရီးစဉ်ဖြင့် ခရီးသွားလာရန် ကြောက်ရွံ့နေကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြေပြင်တွင် လုံခြုံရေး စိတ်မချ ရသောကြောင့် ခရီးစဉ်များကို လေကြောင်း အသုံးပြုသွားလာနေရာမှ ယခုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လေကြောင်းခရီးစဉ် အသုံးပြုရန် စိုးရိမ်လျက်ရှိကြောင်း စစ်ခေါင်း ဆောင်ကို လုံခြုံရေးယူ ပေးရသည့် တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“အရင်ကဆို အဘ(စစ်ခေါင်းဆောင်)က ခရီးစဉ်တစ်ခုစီစဉ်ခိုင်းရင် စီစဉ် ပေးရတဲ့ သူတွေက မြေပြင်လမ်းကြောင်းရှင်းတာ။ လုံခြုံရေးယူတာတွေ အကုန်လုပ်ပြီးမှ အဘက လေယာဉ်နဲ့ လာတာ။ မိုင်အနည်းငယ်ပဲကွာတဲ့ ခရီးကိုတောင် လေယာဉ်ပဲသုံးတာ။ အခုဆို လေယာဉ်ခရီးစဉ်က ခြေလှမ်းကြဲသလောက် ဖြစ်သွားပြီ” ဟု လုံခြုံရေးယူပေးရသည့် အရာရှိနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်၏ လေကြောင်းခရီးစဉ်များကို စီစဉ် ရာတွင် နယ်မြေခံတပ်များအနေဖြင့် ရဟတ်ယာဉ်ဆင်းသက်မည့် နေရာပတ်လည်ရှိ စိုးမိုးတောင်ကုန်းများနှင့် ပစ်ကွင်း ရှင်းသည့် နေရာများကို လုံခြုံရေးယူပေးကြရန် စီစဉ်ခိုင်းပြီး ခရီးစဉ်၏ ထိပ်တန်းလျှို့ ဝှက်သတင်းအချက်အလက်များကို မပေါက်ကြားစေရန် အထူးကြပ်မတ် ခိုင်းကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြ၀တီမြို့နယ် သင်္ဃန်းညီနောင် ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်စဉ်တွင် တော်လှန်ရေးတပ်ဖွဲ့က တရုတ်နိုင်ငံထုတ် (PLA) FN-6 MANPAD ကဲ့သို့ လေယာဉ်ပစ်လက်နက်များမသုံးဘဲ ပွိုင့် 5 စက်လက်၊ အာပီဂျီနှင့် စနိုက်ဘာ တို့ကိုသာသုံး၍ မစ်ရှင်ဖော်ဆောင်ခဲ့သည့် အပေါ်တွင် စစ်ခေါင်းဆောင်နှင့်အတူ ထိပ်တန်းအရာရှိ အကြီးပိုင်းများက အထူးတုန်လှုပ်ခဲ့ကြောင်း သိရသည်။

“ဗက(ဗိုလ်ကြီး)တွေ အမြဲပြောနေတဲ့ ငါတို့က အပေါ်ကောင်နဲ့သွားမှာ ဆိုတဲ့ အနေ အထားကနေ အပေါ်ကောင်ပေါ်မှာ ဘုရားစာရွတ်ရတဲ့အဆင့်ရောက်နေပြီ။ အဘလည်း ဒီဖြစ်စဉ်မှာ ခြေလှမ်းကြဲသွားပြီ။ မနေ့က ဖြစ်တဲ့ လေယာဉ်ကိုကြည့်ရတာ ပိုင်းလော့ကို ကျည် တိုက်ရိုက်ထိသွားတာ။ လေယာဉ်က မြေနဲ့ရိုက်ပြီးမီး လောင်တာမျိုးမဟု‌တ်တော့ အတော်ကိုသေသေသပ် သပ်လုပ်သွားတဲ့ပုံပဲ။ အကောင်ကြီးတွေပဲ ပါလာတဲ့ ယာဉ်ကို ရွေးပစ်လိုက်တာဆိုတော့ ဒီဘက်မှာအတော် တုန်လှုပ်နေကြတယ်” ဟု တပ်နှင့် နီးစပ်သူ သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ ရဟတ်ယာဉ်ကို ပစ်ချသည့် မစ်ရှင်မလုပ်ဆောင်ခင် တော်လှန်ရေး တပ်ဖွဲ့ ဖြစ်သည့် ကော်ဘရာ၏ အဖွဲ့ခေါင်းဆောင် စစ်ကြောင်းမှူး ဗိုလ်တာဘော က ယခုလအတွင်း စပရိုက်အကြီးကြီးတိုက်ဖို့ရှိတယ် ဟု ပြောကြားခဲ့ပြီးနောက် ယခုလို မစ်ရှင် ဖော်ဆောင်ခဲ့သည့်အတွက် စစ်ကောင်စီအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ လုပ်ဆောင်နိုင်စွမ်းကို အထူးစိုးရိမ်လျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးချိန်မှ စတင်၍ ယခု ၂၀၂၄ ခုနှစ်အထိ သုံးနှစ်တာအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ခုနစ် စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ယခု ၂၀၂၄ နှစ်စတွင်ပင် ရဟတ်ယာဉ် သုံး စီးကို ပစ်ချနိုင်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်တွင်း၌ အဓိကလူကြီး လမ်းကြောင်းနှင့် ရဟတ်ယာဉ် ဆိုက်ရောက်ချိန်များကဲ့သို့ ထိပ်တန်းလျှို့ဝှက်သတင်းများ ပေါက်ကြားနေခြင်းသည် အဓိက အကြောင်းအရင်းတစ်ခုဖြစ်သည့်အတွက် တပ်တွင်း ဂယက်ရိုက်မှု ကြီးမားစွာဖြစ်ပေါ် နေကြောင်း သိရသည်။

မြ၀တီမြို့နယ် သင်္ဃန်းညီနောင်တွင် ရဟတ်ယာဉ်ပျက်ကျပြီး နာရီပိုင်းအတွင်း ရဟတ်ယာဉ်အပျက်အစီးနှင့် စစ်ဆေးရေး လုပ်ဆောင်နေသည့်ပုံများ လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ ပျံ့နှံ့လာပြီး လျှို့ဝှက်အချက် အလက်များ ပေါက်ကြားခဲ့သည့်အတွက် တပ်တွင်း၌ အထူးကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်များဖြစ်ပွားခဲ့သည့်အတွက် ရဟတ်ယာဉ်ကိုသာ အားကိုး၍သွားလာနေ သည့် စစ်ကောင်စီ အကြီးအကဲများအတွက်လည်း မြေပြင်အထိပါ လုံခြုံရေးယူ ပေးနိုင်သည့် နေရာများကိုသာ သွားရောက်နိုင် တော့မည်ဖြစ်ပြီး ခရီးစဉ်များတွင် ယခင်က ထက်ပိုမိုသည့် လုံခြုံရေးအင်အားကို အလွန်အကျွံသုံးစွဲလာနိုင်ကြောင်း သိရသည်။

မည်သူ့ကိုမှ ယုံကြည်မှုမရှိတော့ဘဲ အိမ်လုံခြုံရေးနှင့် ခရီးစဉ်လုံခြုံရေး ယူပေးရသည့် တပ်ဖွဲ့များကိုပါ ပြောင်းပစ်ခဲ့သည့် စစ်ခေါင်းဆောင်အနေဖြင့် ယခုလက်ရှိတွင် လေယာဉ်ခရီးစဉ်များကို စီစဉ်ရန်ကြောက်ရွံလျက်ရှိကြောင်း သိရသည်။

ပုံစာ-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ပုံဟောင်း)

#စစ်ခေါင်းဆောင် #လေကြောင်းအသုံးပြု #သွားလာရမည့် #ပြည်တွင်းခရီးစဉ်များ #ကြောက်ရွံ့နေ #Ayeyarwaddy_Times